ရော်နယ်ဒိုရဲ့ သွင်းဂိုးတွေနဲ့ အာရှချန်ပီယံလိဂ်မှာ နိုင်ပွဲဆက်ခဲ့တဲ့ အယ်လ်နာဆာ

အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းက အာရှချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စု(E)ရဲ့ ပွဲစဉ်တစ်ပွဲအဖြစ် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းနဲ့ ကာတာကလပ် အယ်လ်ဒူလီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ရော်နယ်ဒိုရဲ့ အထူးခြေစွမ်းပြမှုနဲ့အတူ အယ်လ်နာဆာအသင်းက အနိုင်ရရှိခဲ့ပါတယ်။

အာရှချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၂ ပွဲ အနိုင်ရရှိထားတဲ့ အယ်လ်နာဆာအသင်းဟာ အခုပွဲစဉ်မှာလည်း နိုင်ပွဲရရှိဖို့အတွက် ရော်နယ်ဒို၊ မာနေးလ်၊ အိုတာဗိုလ်၊ တီလီဆာ၊ အလီခဘီစတဲ့ ကစားသမားတွေနဲ့ ပွဲထွက်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

ပွဲအစကတည်းက အယ်လ်နာဆာအသင်းက ဦးဆောင်ဂိုးတွေရရှိဖို့ ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၂၅ မိနစ်မှာ ရော်နယ်ဒိုရဲ့ ဂိုးဖန်တီးမှုကို တာဆီလာက ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တာကြောင့် အယ်လ်နာဆာအသင်း ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ပထမပိုင်းအပြီးမှာ အယ်လ်နာဆာအသင်းက ၁ ဂိုး ဂိုးမရှိရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း အယ်လ်နာဆာအသင်းကပဲ ပွဲကိုဆက်လက်ဦးဆောင်ကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၅၆ မိနစ်မှာ မာနေး၊ ပွဲကစားချိန် ၆၁ မိနစ်မှာ ရော်နယ်ဒိုတို့က ဂိုးတွေထပ်မံသွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ အယ်လ်နာဆာအသင်းက ကစားအားချခဲ့တာကြောင့် အယ်လ်ဒူလီအသင်း ပြန်လည်တိုက်စစ်စင်မှုတွေပြုလုပ်ခဲ့ပြီး ပွဲကစားချိန် ၆၃မိနစ်နဲ့ ၆၇မိနစ်တွေမှာ ချေပဂိုးတွေပြန်လည်သွင်းယူခဲ့ပါတယ်။

အယ်လ်နာဆာအသင်းက ချေပဂိုးတွေ ပြန်လည်ခွင့်ပြုပေးရပြီးမှာ တိုက်စစ်ဆင်မှုတွေကို တကျော့ပြန်လည်ပြုလုပ်လာခဲ့ပြီး ပွဲကစားချိန် ၈၁ မိနစ်မှာ ရော်နယ်ဒိုက အသင်းအတွက် စတုတ္ထဦးဆောင်ဂိုးကို ထပ်မံသွင်းယူခဲ့ပေမယ့် အယ်လ်ဒူလီအသင်းက ပွဲကစားချိန် ၈၅ မိနစ်မှာ တတိယချေပဂိုးပြန်လည်သွင်းယူခဲ့တာကြောင့် ပွဲပြီးဆုံးချိန်မှာ အယ်လ်နာဆာအသင်းက ၄ ဂိုး ၃ ဂိုးရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ကာတာကလပ်အူလ်ဒူလီအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကြောင့် အယ်လ်နာဆာအသင်းဟာ အာရှချန်ပီယံလိဂ် အုပ်စု(E)ရဲ့ အမှတ်ပေးဇယားမှာ ၃ ပွဲကစား ၃ ပွဲနိုင် ရမှတ် ၉ မှတ်နဲ့ အုပ်စုပထမနေရာမှာ ဆက်လက်ဦးဆောင်နေသလို ၁၆ သင်းရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ဖို့ အလားလာကောင်းတွေ ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။