ရောဂါမဟုတ်ပါ မြေကြပ်တာပါ အပိုင်း(၁)

မြေကြီးဆိုတာလည်း ကျွန်မတို့ရဲ့ ခန္ဓာကိုယ်လိုပါပဲ။ ကိုယ်ခံအားကောင်းမှ ရောဂါဒဏ်ကာကွယ်နိုင်မယ်။ ပိုးမွှားတွေကို တိုက်ထုတ်နိုင်ပါလိမ့်မယ်။ အဓိကအရေးပါတဲ့ မြေကြီးကတောင်မှ မြေဆီဩဇာမကောင်းဘဲနဲ့တော့ ကျွန်မတို့တတွေက အသီးအပွင့်တွေ ကောင်းချင်၊ အထွက်နှုန်းတွေ တိုးတက် ချင်လို့ မရပါဘူး။

ဒါ့ကြောင့် မြေကြပ်တဲ့နေတဲ့ မြေတွေမှာ ဘယ်လိုကြောင့် အပင်တွေကို ထိခိုက်နေရသလဲဆိုတာ ရှင်းပြပေးပါ့မယ်။

မြေကြပ်တယ်ဆိုတဲ့ သဘောတရားကတော့ မြေကြီးထဲမှာ လေဟာပေါက်လေးတွေရှိပါတယ်။ အဲ့လေဟာပေါက်တွေကို မြေကြီးအမှုန်အမွှားတွေ အားလုံးပေါင်းပြီး ကြားထဲမှာရှိတဲ့ မြေကြီးရဲ့ လေဟာပေါက်တွေကို ပိတ်ပစ်လိုက်တာကြောင့်ပါ။ အဲ့လိုတွေပိတ်ပစ်လိုက်တဲ့အခါ မြေကြီးဟာ ဖွယ်ဖွယ်လေးဖြစ်မနေတော့ဘဲ ကြီးမားတဲ့ မြေကြီးထုထည်အစိုင်အခဲတွေဖြစ်သွားပါတော့တယ်။

မြေကြပ်ရခြင်းဖြစ်စေရတဲ့ အကြောင်းအရင်းများ

(၁) လယ်ယာသုံးစက်ပစ္စည်းများကြောင့်

ဧကအများကြီးစိုက်ကြတဲ့ အခင်းတွေဆို ပိုသိသာပါတယ်။ စက်ယန္တရား (ထွန်၊ ထယ်၊ ခြွေ၊ လှေ့) စတဲ့ စက်အကြီးတွေနဲ့ အခင်းထဲဝင်ကြတဲ့အခါ မြေကြပ်တာကို ဖြစ်လာစေနိုင်ပါတယ်။ မောင်းနှင်သွားတဲ့ စိုက်ခင်းရဲ့ နေရာတစ်ချို့ဟာဆိုရင် စက်ရဲ့အလေးချိန်နဲ့ ဖိနင်းခံရတာကြောင့်  ဘီးအောက်က မြေတွေဟာ မြေတွေ ကြပ်သွားတတ်ပါတယ်။ လေ့လာမှုတွေအရတော့ စက်တွေပထမဆုံး စိုက်ခင်းထဲ ဝင်တဲ့အခေါက်မှာတင် မြေကြပ်တာ ၇၀ % ဖြစ်နိုင်ပါတယ်တဲ့။ ဒါကမယုံနိုင်စရာ ကိန်းဂဏန်းတစ်ခုပေမဲ့ စနစ်တကျလုပ်ထား တဲ့ Farm (စိုက်ခင်း)တွေဆို သိပြီးသားဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ စိုက်ခင်းရာသီပြီးသွားရင် စိုက်ခင်း ရဲ့  ၉၀% ရာခိုင်နှုန်းလောက်ကို ခြေရာခံနိုင်တာဆိုတော့ မြေကျပ်တာ ၇၀% ရာခိုင်နှုန်းလောက်က ဒီစက်တွေ ကြောင့်ပဲဆိုတာ။ ဒါတင်မကဘဲ ကောင်းတဲ့မြေသားကို ၄-၅ ဘီးလောက်ရှိတဲ့ စက်တွေနဲ့ အကြိမ်ကြိမ်ဖိနင်းပြီး စမ်းသပ်ထားတဲ့ ပညာရှင်တွေရဲ့ စမ်းသပ်ချက်တွေလည်း ရှိထားပါတယ်။ ဒါ့ကြောင့် ဦးကြီးတို့အနေနဲ့ အထွက် နှုန်းတွေကောင်းဖို့ မြေဆီလွှာဖွဲ့စည်းမှုနှင့် တည်ဆောက်မှု ညံ့ဖျင်းခြင်းကနေ ကာကွယ်ဖို့ဆို ရေရှည်ဗျူဟာလေးတွေ ချထားဖို့ လိုအပ်ပါမယ်။

(၂) အလေ့အကျင့်ဆိုးများကြောင့်

စက်တွေရဲ့ အလေးချိန်ကြောင့် မြေဆီလွှာကိုထိခိုက်သလို စက်တွေကို အသုံးပြုတဲ့နည်းကြောင့်လည်း မြေဆီလွှာကို ပိုမိုဆိုးရွားသွားစေပါတယ်။ ဥပမာအနေနဲ့ တူညီတဲ့အနက်ကို ထပ်ကာထပ်ကာထွန်ပြီး စိုက်ပျိုး ထားတဲ့ ကွင်းတွေမှာ Hard Pan ( ထယ်ထိုးလိုက်တဲ့ အောက်ခြေကနေ ကြပ်ခဲမြေ/ ၂ လက်မလောက် အထူရှိတဲ့မြေ) တွေဖြစ်လာပါတယ်။ Hard pan ဆိုတာဘယ်လိုမျိုးလဲ လေ့လာချင်ရင်တော့ သေးငယ်တဲ့ ကတုတ်ကျင်းတစ်ခုကို တူးကြည့်လိုက်ပါ။ အဲ့ဒီ့ Hard pan မြေမှာ အပင်ရဲ့ အမြစ်တွေက ထိုးမဖောက်နိုင်ဘဲ အလျားလိုက်ယှက်နေကြတာကို တွေ့ရမှာပါ။

နောက်ထပ်တစ်ခုကတော့ မြေဆီလွှာ အစိုဓာတ်ရှိနေတဲ့အချိန် စက်ယန္တရားကြီးတွေကို အသုံးပြုတာပါ။

မြေဆီလွှာအစိုဓာတ်ရရှိမှု ခဏခဏများလေလေ မြေသားသိပ်သည်းဖို့ အခွင့်အရေးရလေပါ။ ဒါ့ကြောင့် စက်ကြီးတွေနဲ့ စိုက်ခင်းထဲမဝင်ခင် မြေကြီးကို ဘောလုံးလေးလုံးပြီး လက်ကလေးတွေနဲ့စမ်းသပ်နိုင်ပါတယ်။ နည်းလမ်းလေးက အလွယ်လေးပါ။ မြေကြီးကိုအနည်းငယ်ယူပြီး လက်လေးနဲ့လှိမ့်ပြီး ဘောလုံးလေး လုပ်ကြည့်တာပါ။ ဘောလုံးလေးမဖြစ်ဘူးဆို နေသာတဲ့ ၂ ရက်လောက်အခြောက်ခံပြီး ဘောလုံးဖြစ်မဖြစ် ထပ်စမ်းသပ်ကြည့်နိုင်ပါတယ်။ ဒါ့အပြင် သဲမြေ(သို့) ရွှံ့စေးမြေတွေက သဘာဝအလျောက် မြေဆီလွှာထုထည် ပိုမိုသိပ်သည်းပြီး မြေကြပ်လွယ်ပါတယ်။

(၃) ရေသွင်းရေထုတ်မကောင်းခြင်းကြောင့်

ရေသွင်းများခြင်းကြောင့်ဖြစ်တဲ့ မြေအစိုဓာတ်များခြင်းက မြေဆီလွှာလေဝင်လေထွက်မကောင်းစေခြင်းနဲ့ ရေစိမ့်ဝင်နိုင်မှုနည်းစေနိုင်ခြင်းတို့ကြောင့် မြေကြပ်ခြင်း ပိုဆိုးလာနိုင်ပါတယ်။ မိုးရေတွေနဲ့ ရေသွင်းများတာ တွေက မြေဆီလွှာအစိုဓာတ် မြင့်မားမှုကို ပိုဆိုးလာစေနိုင်တာကြောင့် သီးနှံပင်တွေကို ဒုက္ခရောက်စေမှာပါ။

(၄) ခြေနင်းကြမ်းခြင်းကြောင့်

စိုက်ခင်းထဲကို ဝင်တဲ့လူတွေနဲ့ လွှတ်ကြောင်းထားတဲ့ တိရစ္ဆာန်တွေ ခြေနင်းကြမ်းတာကြောင့် မြေဆီလွှာ စိမ့်ဝင်မှုကိုလျော့ကျခြင်းနဲ့ မြေကြပ်ခြင်းဖြစ်ပေါ်မှုကို တိုးလာစေနိုင်ပါတယ်။ ဒီအချက်ကြောင့် မြေကြီးရဲ့ စိမ့်ဝင်နိုင်မှုစွမ်းအားလျော့ကျခြင်းနဲ့ မြေသားထုထည်တိုးလာပါတယ်။ ဒါတွေကြောင့် အာဟာရရရှိမှုနဲ့ လေဝင် လေထွက်မကောင်းတော့ဘဲ သီးနှံအထွက်နှုန်းနဲ့ အပင်ကြီးထွားမှုကို ထိခိုက်လာပါတော့တယ်။

(၅) ရာသီဥတုကြောင့်

ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကြောင့်လည်း မြေကြပ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မြေဆီလွှာအပူချိန်နဲ့ အာဟာရညီညီမျှမျှရရှိမှုမရှိခြင်း၊ မြေနင်းကြမ်းခြင်း၊ မြေဆီလွှာတိုက်စားခံရခြင်း၊ အခြားသောလူသားတို့ရဲ့ လုပ်ဆောင်မှုအမှားအယွင်းများစွာတို့ကြောင့် မြေကြပ်ခြင်းက ပိုဖြစ်လာပါတော့တယ်။

မြေကြပ်လို့ရှိရင် အပေါ်ယံမြေသားဆိုပြုပြင်ရလွယ်ပေမဲ့ subsoil (အပေါ်ယံမြေဆီလွှာအောက်တွင် ရှိသော မြေသား) ဆို ပြုပြင်ရခက်ပါတယ်။ ဒါ့ကြောင့် မြေဆီလွှာအောက်သားတွေအထိ မြေကြပ်သွားတာမျိုးမဖြစ်အောင် ဂရုပြုဖို့လိုပါတယ်။

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”