ကြက်သွန်နီမှာ အသုံးပြုနိုင်တဲ့ သဘာဝမြေဩဇာ (၅) မျိုး

ကြက်သွန်နီကို အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ဆိုတာဟာ စိုက်ပျိုးပြုစုခြင်းဆိုတာထက် ပိုလိုအပ်ပါတယ်။ အော်ဂဲနစ်မြေသြဇာများမှတဆင့် မှန်ကန်သင့်တော်တဲ့ အာဟာရဓာတ်များကို ဖြည့်ဆည်းပေးနိုင်ခြင်းဟာ ကျန်းမာသန်စွမ်းပြီး အထွက်နှုန်းကောင်းကာ အရသာရှိသော ကြက်သွန်ဥတွေ ရရှိဖို့ရာအတွက် အဓိကသော့ချက်တစ်ခု ဖြစ်ပါတယ်။ ထို့ကြောင့် သင့်တော်တဲ့ မြေသြဇာတွေကို ရွေးချယ် အသုံးပြုခြင်းဟာ ကြက်သွန်နီရဲ့ အထွက်နှုန်းကို သာမန်နဲ့ သိသိသာသာ ကွာခြားသွားစေမှာ ဖြစ်ပါတယ်။ 

ပထမဆုံးအနေနဲ့ ကြက်သွန်နီပင်မှာ အသုံးပြုလို့ရမဲ့ ဓာတုမြေသြဇာတွေအကြောင်း မျှဝေသွားမှာ ဖြစ်ပါတယ်။ 

ကြက်သွန်နီကို စတင်စိုက်ပျိုးတဲ့အချိန်မှာတော့ ကျန်းမာသော အမြစ်စနစ် ရရှိနိုင်ဖို့အတွက် ကွန်ပေါင်းမြေသြဇာကို (၁၀-၂၀-၁၀) နှုန်းထားဖြင့် အသုံးပြုသင့်ပါတယ်။ ယေဘုယျအားဖြင့်ဆိုရရင် ကြက်သွန်နီဟာ နိုက်ထရိုဂျင်ဓာတ် မြင့်မားစွာလိုအပ်တဲ့ သီးနှံဖြစ်ပါတယ်။ နိုက်ထရိုဂျင်ဓာတ်ကိုအခြေခံတဲ့ မြေသြဇာတွေဟာ ကြက်သွန်ရဲ့အရွက် အရွယ်အစားကို တိုးလာစေပြီး ၎င်းရဲ့ရလဒ်အနေနဲ့ ကြက်သွန်ဥကိုပါ ပိုကြီးစေပြီး အလေးချိန်တိုးလာစေမှာ ဖြစ်ပါတယ်။ ထို့ကြောင့် နိုက်ထရိုဂျင်အခြေခံ မြေသြဇာတွေဖြစ်တဲ့ အမိုနီယမ်ဆာလ်ဖိတ် (ammonium sulfate) သို့မဟုတ် အမိုနီယမ်နိုက်ထရိတ် (ammonium nitrate) တို့ကို ပထမအသုတ်အနေနဲ့ အပင်စိုက်ပျိုးပြီး ၃ ပတ်ခန့်အကြာမှာ စတင်ကျွေးသင့်ပါတယ်။ ထို့နောက် ၂ ပတ်မှ ၃ ပတ်ကြာလျှင် ၁ ကြိမ်နှုန်းဖြင့် ဆက်တိုက်ကျွေးသွားလို့ရပါတယ်။ နိုက်ထရိုဂျင်ဟာ အပင်ပိုင်းကြီးထွားမှုကို အားပေးတာဖြစ်တဲ့အတွက် စိုက်ပျိုးပြီး ၃ ပတ်ခန့်ကနေ ကြက်သွန်ဥ စတင်ဖြစ်ပေါ်တဲ့အချိန်ထိအချိန်အပိုင်းခြားနဲ့ အသုံးပြုလို့ရပါတယ်။

သို့ပေမဲ့ နိုက်ထရိုဂျင်ဓာတ်တစ်မျိုးတည်း အသုံးပြုခြင်းဖြင့် ကြက်သွန်ရဲ့ အကောင်းဆုံးအထွက်နှုန်းကို မရရှိနိုင်ပါဘူး။ ထို့ကြောင့် ဓာတုဗေဒနည်းအရဆိုရရင် ပိုတက်စီယမ်၊ ဆာလ်ဖာနဲ့ ဖော့စဖောရပ်စ်တို့ ပါဝင်တဲ့ ဓာတ်မြေသြဇာတွေပါ တွဲဖက်အသုံးပြုမယ်ဆိုရင်တော့ ပိုပြီးထိရောက်မှု ရှိစေမှာဖြစ်ပါတယ်။ ပိုတက်စီယမ်ဓာတ်ဟာ နိုက်ထရိုဂျင်ပါဝင်မှု အလွန်မြင့်မားတဲ့ မြေတွေမှာ အသုံးပြုတဲ့အခါ အထူးအသုံးဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပိုတက်စီယမ်ဓာတ်ဟာ ကြက်သွန်ဥတွေကို သိုလှောင်ထားချိန်မှာ ဖြစ်ပေါ်တတ်တဲ့ ကြက်သွန်နီဥ ပုပ်တတ်တဲ့အန္တရာယ်ကို လျှော့ချနိုင်တာကြောင့် ဖြစ်ပါတယ်။ ဆာလ်ဖာဓာတ်ဟာဆိုရင်လည်း ကြက်သွန်​ပင်ကနေ နိုက်ထရိုဂျင်ဓာတ်ကို စုပ်ယူဖို့ရာအတွက် ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ 

ကြက်သွန်နီပင်တွေအား ရေလောင်းခြင်းနဲ့ မြေသြဇာကျွေးခြင်းတို့ကို ကြက်သွန်ဥတွေ ဖောင်းလာတဲ့အချိန်မှာ အားလုံးရပ်တန့်လိုက်သင့်ပါတယ်။ ကြက်သွန်ဥတွေ ကြီးထွားလာမှု ရပ်တန့်သွားတဲ့ လက္ခဏာတွေက အရွက်များ အဝါရောင်ပြောင်းလာပြီး အရွက်နဲ့ ကြက်သွန်ဥကြားမှာရှိတဲ့ လည်ပင်းနေရာ ပျော့ပျောင်းလာတာမျိုး ဖြစ်ပါတယ်။ ၎င်းအ​ခြေအနေတွေကို ရိတ်သိမ်းဖို့ရာ အသင့်မဖြစ်မီ ၄ ပတ်ခန့်အလိုမှာ တွေ့ရှိရမှာဖြစ်ပါတယ်။

ယခုဆောင်းပါးမှာတော့ ကြက်သွန်နီအတွက် သင့်တော်မဲ့ မြေသြဇာ ၅ မျိုးကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

၁။ ငါးမြေသြဇာ 

အာဟာရဓာတ်ကြွယ်ဝတဲ့ ငါးစွန့်ပစ်ပစ္စည်းများကို စုပေါင်းပြီး ငါးအမိုင်နိုအက်စစ်ဖျော်ရည် ပြုလုပ်အသုံးပြုနိုင်ပါတယ်။ ငါးအမိုင်နိုအက်စစ်ဖျော်ရည် မပြုလုပ်နိုင်ရင်တောင် ငါးစွန့်ပစ်အရည်တွေကို အပင်တွေရဲ့ ခြေရင်းမှာလောင်းပေးခြင်းဖြင့် အကျိုးရှိစေနိုင်ပါတယ်။ အဆိုပါအရည်ဟာ ကြက်သွန်နီပင်ရဲ့ အစောပိုင်းကြီးထွားမှု အဆင့်အတွက် အရေးကြီးသော မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များကို ဖြည့်ဆည်းပေးနိုင်တဲ့ အော်ဂဲနစ်မြေသြဇာတစ်မျိုး ဖြစ်ပါတယ်။ ငါးစွန့်ပစ်ပစ္စည်းများမှာ အများဆုံး ပါဝင်နေတဲ့ နိုက်ထရိုဂျင်ဓာတ်ဟာ အပင်ပိုင်းကြီးထွားမှုကိုအားပေးပြီး စိမ်းလန်းစိုပြေတဲ့ အရွက်များ ထွက်ရှိလာစေဖို့ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတာဖြစ်ပါတယ်။

ငါးစွန့်ပစ်အရည်တွေဟာ စိမ်းလန်းစိုပြေတဲ့ အရွက်များ ထွက်ပေါ်လာစေဖို့ ကူညီပေးနိုင်တဲ့အပြင် ၎င်းမှာပါဝင်နေတဲ့ ဖော့စဖောရပ်စ် (phosphorus) ဓာတ်တွေဟာ အပင်ရဲ့ အမြစ်စနစ်များကို ကျန်းမာသန်စွမ်းလာစေရန် ပံ့ပိုးပေးနိုင်ပါတယ်။ အဆိုပါ အမြစ်တွေဟာ ကြက်သွန်ပင်တွေကို မြေဆီလွှာမှာ ခိုင်မြဲစွာကုပ်တွယ်ထားစေနိုင်ပြီး အာဟာရစုပ်ယူမှုကို အထောက်အကူဖြစ်စေကာ ရှင်သန်ကြီးထွားမှုကိုလည်း ကူညီပေးနိုင်တာ ဖြစ်ပါတယ်။

ငါးအမိုင်နို အက်စစ်ဖျော်ရည်ကို ရာသီပေါ်သီးနှံစိုက်ခင်းတွေနဲ့ ပန်းပင်တွေမှာ အသုံးပြုမယ်ဆိုရင် ရေ ၄ ဂါလံမှာ ၂၀ – ၄၀ စီစီ အသုံးပြုနိုင်ပါတယ်။ နှစ်ရှည်ပင်တွေမှာဆိုရင်တော့ ရေ ၄ ဂါလံကို ဖျော်ရည် ၆၀ စီစီ ရောစပ်နိုင်ပါတယ်။ ဖျော်ရည်များများထည့်မိရင် အပင်လောင်သွားနိုင်တာကြောင့် ပမာဏအနည်းငယ်ပဲ အသုံးပြုသင့်ပါတယ်။ ဖျော်ရည်ကို ၁ ပတ်လျှင် ၁ ကြိမ် (သို့မဟုတ်) ၁၀ ရက်လျှင် ၁ ကြိမ်ခန့် အသုံးပြုနိုင်ပါတယ်။ 

၂။ မြေဆွေး 

ပတ်ဝန်းကျင်နဲ့ မီးဖိုချောင်ကနေ ထွက်ရှိတဲ့ စွန့်ပစ်သဘာဝအမှိုက်တွေကို မြေဆွေးပြုလုပ်ပြီး ကြက်သွန်စိုက်ခင်းတွေမှာ  အသုံးပြုခြင်းဟာလည်း အကျိုးရှိတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သဘာဝမြေဆွေးမှာဆိုရင် နိုက်ထရိုဂျင်၊ ဖော့စဖရပ်စ်နဲ့ ပိုတက်စီယမ်ဓာတ် အပါအဝင် အော်ဂဲနစ်ပစ္စည်း အမြောက်အများ ပါဝင်နေတာကြောင့် မြေဆီလွှာရဲ့ ဖွဲ့စည်းပုံနဲ့ ရေထိန်းသိမ်းနိုင်မှု စွမ်းအားကို ပိုမိုကောင်းမွန်စေပါတယ်။ သဘာဝမြေဆွေးဟာ ကြက်သွန်နီပင်များရဲ့ စိုက်ပျိုးရာသီတစ်လျှောက်လုံး အာဟာရလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တာလည်း ဖြစ်ပါတယ်။ 

သဘာဝစွန့်ပစ်ပစ္စည်းတွေကို မြေဆွေးပြုလုပ်ပြီး စိုက်ခင်းတွေမှာထည့်ပေးနိုင်သလို မြေဆွေးဖျော်ရည် ပြုလုပ်ပြီးတော့လည်း အကျိုးရှိရှိ အသုံးပြုနိုင်ပါတယ်။

ရေ ၅ ဂါလံထဲကို ကောင်းစွာဆွေးမြည့်နေတဲ့ မြေဆွေး ၃ ခွက်နဲ့ တင်လဲရည် ထမင်းစားဇွန်း ၂ ဇွန်းတို့ကို ရောထည့်ရမှာဖြစ်ပါတယ်။ ၎င်းအရောအနှောကို ကောင်းစွာမွှေပြီးနောက် ပုံးကို ၇ ရက်မှ ၁၀ ရက်အထိ ပိတ်ထားရပါမယ်။ အဆိုပါအတောအတွင်းမှာ ဖျော်ရည်ကို ၁ ရက်လျှင် ၂ ကြိမ် မိနစ်အနည်းငယ်ခန့် မွှေပေးရမှာ ဖြစ်ပါတယ်။ ၇ ရက်ကနေ ၁၀ ရက်ကြာပြီးတဲ့နောက်မှာ မြေသြဇာအရည်ဟာ ကော်ဖီရောင်ခပ်ရင်ရင့် ဖြစ်သွားပြီး စိုစွတ်နေတဲ့မြေကြီးကဲ့သို့ အနံ့အသက်ရလာမှာဖြစ်ပါတယ်။ ၎င်းဖျော်ရည်ကို အခြားပုံးတစ်ခုထဲသို့ ပိတ်စအပါးနဲ့ စစ်ထုတ်ယူပြီး အပင်တွေအတွက် မြေသြဇာအဖြစ် အသုံးပြုနိုင်ပါတယ်။ ပြုလုပ်ပီး ၇ ရက်ကနေ ၁၀ ရက်အကြာမှာ ဖျော်ရည်ကနေ အနံ့ဆိုးများထွက်ရှိလာပါက စွန့်ပစ်သင့်ပါတယ်။ 

၃။ ပင်လယ်ရေမှော် 

ကြက်သွန်ပင်အတွက် နောက်ထပ် သြဂဲနစ်မြေသြဇာကို ရှာနေတယ်ဆိုရင်တော့ ပင်လယ်ရေမှော် (Kelp) က အသင့်တော်ဆုံး ဖြစ်ပါတယ်။ ပင်လယ်ရေမှော်ပင်တွေဟာ အနည်းလို အာဟာရဓာတ်တွေ ပါဝင်မှုမြင့်မားတာလည်း ဖြစ်ပါတယ်။ ပင်လယ်ရေမှော်မှာ ပါဝင်နေတဲ့ အာဟာရဓာတ်အချို့ကတော့ ဘိုရွန်၊ အိုင်းယွန်း၊ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်စီယမ်ဓာတ်တို့ ဖြစ်ကြပါတယ်။

အနည်းလို အာဟာရဓာတ်တွေဟာလည်း အပင်အတွက် ပိုမိုကောင်းမွန်တဲ့ ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုကို ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ ပတ်ဝန်းကျင်ရဲ့ ပြင်ပဖိစီးမှုဒဏ် (stress) ကိုလည်း ခံနိုင်ရည်တိုးမြင့်စေပါတယ်။ ပင်လယ်ရေမှော်ကို အမှုန့်အနေနဲ့ရော အရည်ပုံစံနဲ့ပါ အသုံးပြုနိုင်ပြီး တစ်ခုချင်းစီမှာ မတူညီတဲ့ အာနိသင်ပြင်းအားတွေ ရှိကြတာဖြစ်ပါတယ်။ အမှုန့်အနေနဲ့ အသုံးပြုမယ်ဆိုရင် စတုရန်းပေ ၁၀၀ လျှင် ၁ ပေါင်နှုန်းဖြစ်ပြီး အရည်ကိုအသုံးပြုမယ်ဆိုရင်တော့ ပြင်းအားနဲ့ ဖျော်ရည်ပမာဏပေါ် မူတည်ပြီး ကွဲပြားနိုင်တာဖြစ်ပါတယ်။

၄။ အရိုးမှုန့်မြေသြဇာ

အရိုးမှုန့်မြေသြဇာဟာလည်း ကြက်သွန်ပင်အတွက် နောက်ထပ်ကောင်းမွန်သော အော်ဂဲနစ်မြေသြဇာ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ငန်းစဉ်ဟာ တိရစ္ဆာန်တွေရဲ့ အရိုးအကြွင်းအကျန်များကို အသုံးပြုကာ အပင်များအတွက် အစွမ်းထက်တဲ့ မြေသြဇာအမှုန့်အနေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

အရိုးမှုန့်မြေသြဇာဟာ ဖော့စဖရပ်စ်ဓာတ်မြင့်မားပြီး နိုက်ထရိုဂျင်ပါဝင်မှုနည်းတာကြောင့် ကြက်သွန်ပင်ရဲ့ အမြစ်များကို ကြီးထွား သန်မာစေပါတယ်။ ထို့အပြင် အရိုးမှုန့်မြေသြဇာဟာ အပင်ကြီးထွားမှု၊ မြေဆီလွှာရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ မြေဆီလွှာရဲ့ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေဖို့ မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြု အဏုဇီဝသက်ရှိပိုးမွှားများ ပါဝင်မှုကိုလည်း တိုးမြှင့်ပေးနိုင်တာ ဖြစ်ပါတယ်။

၅။ သွေးမှုန့် မြေသြဇာ (blood meal) 

သွေးမှုန့်မြေသြဇာဆိုတာ တိရစ္ဆာန်ရဲ့သွေးခြောက်များဖြင့် ပြုလုပ်ထားပြီး နိုက်ထရိုဂျင်ကြွယ်ဝစွာ ပါဝင်တာကြောင့် စိုက်ပျိုးရေးနယ်ပယ်မှာ လူသိများပါတယ်။ နိုက်ထရိုဂျင်ဓာတ်ဟာ အပင်ပိုင်းကြီးထွားမှုအားပေးပြီး အရွက်ဖွံ့ဖြိုးမှုမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတာဖြစ်ပါတယ်။ သွေးမှုန့်မြေသြဇာဟာ ကျန်းမာသန်စွမ်းပြီး စိမ်းလန်းစိုပြေတဲ့ အပင်တွေရရှိစေဖို့ အရေးကြီးတဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်တာဖြစ်ပါတယ်။

အပင်ကြီးထွားနေစဥ်ကာလအတွင်း သွေးမှုန့်မြေသြဇာ အသုံးပြုခြင်းဟာ အာဟာရစဉ်ဆက်မပြတ်ထောက်ပံ့မှုကို သေချာစေပြီး အရွက်ကြီးထွားမှုကို အားပေးနိုင်တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စိုက်ပျိုးချိန်မှာ စိုက်ခင်းရဲ့ စတုရန်းပေ ၁၀၀ တိုင်းမှာ သွေးမှုန့်မြေသြဇာကို ၃ – ၅ ပေါင်အထိ ထည့်သွင်းနိုင်ပါတယ်။ သွေးမှုန့်မြေသြဇာအပါအဝင် နိုက်ထရိုဂျင်ဓာတ်များတဲ့ မြေသြဇာတွေကို အသုံးပြုတဲ့အခါ ပမာဏအများအပြားကို မကြာခဏအသုံးမပြုမိဖို့ လိုအပ်ပါတယ်။ နိုက်ထရိုဂျင်ဓာတ်များလွန်းတဲ့အခါ အပင်ပိုင်းကြီးထွားမှုကိုပဲအားပေးပြီး ကြက်သွန်ဥဖြစ်ပေါ်မှုကို ထိခိုက်နိုင်တာကြောင့် ဖြစ်ပါတယ်။

အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်