ထောပတ်ပင်ကို အထွက်ကောင်းအောင် ဘယ်လိုဂရုစိုက်မလဲ

ထောပတ်ပင်ဟာ တစ်ပင်တည်းနဲ့ အသီးများများရပြီး မိသားစုအတွက်လည်းဖူလုံ၊ စျေးကွက်ထဲမှာလည်း‌ရောင်းချလို့ရတဲ့ အပင်မျိုးဖြစ်ပါတယ်။
ဒါကြောင့် ထောပတ်ပင်စိုက်ခြင်းဟာ အကျိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။
ထောပတ်ပင်ကို အောက်တိုဘာလကနေ ဇန်နဝါရီလအတွင်း စိုက်ပျိုးနိုင်ပြီး အများအားဖြင့် အအေးပိုင်းဒေသတွေမှာစိုက်ပျိုးကြပါတယ်။
(၁) ပထမဆုံး ပန်းပွင့်နှင့် အသီးအထွက်များအောင် နေရောင်ခြည်အပြည့်အဝရတဲ့ နေရာကိုလိုအပ်ပါတယ်။
(၂) အမြစ်ပုပ်ခြင်းအန္တရာယ်မှ ကာကွယ်ရန် ရေစီးဆင်းမှုကောင်းတဲ့ မြေမှာစိုက်ပျိုးပါ။
(၃) အသီးကြီးပြီး ကောင်းစွာကြီးထွားရန် တစ်ပင်နှင့် တစ်ပင် ပေ ၂၀ လောက် ခြားစိုက်သင့်ပါတယ်။
(၄) နှစ်ရှည်ပင်ဖြစ်သော်လည်း စစိုက်ချိန်မှာ နေ့စဉ်ရေပုံမှန်လောင်းပေးဖို့ လိုအပ်ပြီး အပင်သေချာဖြစ်သွားရင်
ရာသီဥတုပေါ်မူတည်ပြီး လိုအပ်သလို လောင်းပေးနိုင်ပါတယ်။
(၅) ထောပတ်ပင်မှာ အဖျက်ပိုးကြိုက်တဲ့ အပင်ဖြစ်တာကြောင့် မစိုက်မီကတည်းက မြေကြီးမှာ ပိုးသတ်ဆေး
အကြွင်းအကျန်များ ကင်းစင်အောင် မြေကိုသန့်စင်ရပါမယ်။
(၆) စိုက်တဲ့အခါမှာလည်း အဖျက်ပိုးနည်းပါးအောင် အော်ဂဲနစ်မြေဩဇာများသာ အသုံးပြုကျွေးသင့်ပါတယ်။
ဥပမာ-နွားချေးမြေဩဇာကျွေးရင် နွားချေးမှ ပေါင်းမျိုးစေ့များ၊ ရောဂါပိုးမွှားများ မပါလာနိုင်အောင် သေချာစွာ မြေဆွေးပြုလုပ်ပြီးမှ
ကျွေးခြင်းကို ပြုလုပ်သင့်ပါတယ်။
(၇) အဖျက်ပိုးအန္တရာယ်ကာကွယ်ရန် ပိုးအနည်းငယ် စကျကတည်းက ပိုးရှိတဲ့အရွက်နဲ့ ကိုင်းများကို သေချာဖယ်၍
ချက်ချင်းဖျက်ဆီးကာ ခုတ်ထားသောနေရာမှ ရောဂါပိုးများမဝင်နိုင်အောင် ထုံးသုတ်ပေးခြင်းကဲ့သို့ စီမံထားပါ။
(၈) အော်ဂဲနစ်ပိုးသတ်ဆေးများကို ကြိုတင်ကာကွယ်ဖျန်းထားသင့်ပါတယ်။ အော်ဂဲနစ်ပိုးသတ်ဆေးများ၏ သဘောမှာ
ပိုးမွှားများကို သေစေခြင်းထက် ပိုးပြေးစေသော အာနိသင်ကြောင့် အဖျက်ပိုးမကျမီ ကြိုတင်ကာကွယ်ဖျန်းပေးသင့်ပါတယ်။
ဥပမာ – EM 5၊ တမာဆီပိုးသတ်ဆေးတို့ကို ကြိုတင်ဖျန်းထားနိုင်သလို ဈေးကွက်တွင် ဝယ်ယူရရှိနိုင်သော
Bacillus thuringiensis (Bt) ကဲ့သို့ အကျိုးပြုဘက်တီးရီးယားအရည်ကို ဖျန်းပေးခြင်းက
ထောပတ်ပင်မှာ ကျရောက်လေ့ရှိသော ဘောက်ဖတ်၊ ကျိုင်းကောင်များကို နိမ်နင်းရာတွင် ထိရောက်ပါတယ်။
ထောပတ်သီးဟာ နှစ်ရှည်သီးနှံပင်ဖြစ်တဲ့အပြင် စျေးကောင်းလည်းရတာမို့ ဒီနည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ပြီး
မိသားစု တစ်နိုင်တစ်ပိုင်ဝင်ငွေလေး ရှာလိုက်ကြပါစို့…