ရုရှားက နျူကလီးယားနှင့် အာကာသလုပ်ငန်းများအတွက် အိန္ဒိယနှင့် ပူးပေါင်းဆောင်ရွက်မည်

ရုရှားနိုင်ငံမှ ထိပ်တန်းစီးပွားရေးလုပ်ငန်းများအနေဖြင့် နျူကလီးယားနှင့် အာကာသလုပ်ငန်းများ အပါအဝင် အခြားသော လုပ်ငန်းများအတွက် အိန္ဒိယနိုင်ငံမှစီးပွားရေးကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်  နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ရေးအတွက်  ပေးပို့ထားသည့် စာရင်းများအရ ထိုပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံမှ ၁၃ ဘီလီယံကြား တန်ဖိုးရှိသည်။

လတ်တလောစာရင်းများအရ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်   ကိစ္စများတွင် ကာကွယ်ရေး၊ ဆေးဝါးနှင့် ရေနံထွက်ကုန်ပစ္စည်းများက ထိပ်ဆုံး၌ပါဝင်နေသည်ကို တွေ့ရသည်။

အလားတူ နျူကလီးယား၊ မိုက်ခရိုအီလက်ထရွန်နစ်နှင့်  အာကာသစူးစမ်းလေ့လာရေးတို့ကဲ့သို့သော နည်းပညာမြင့် နယ်ပယ်များတွင်လည်း ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်များရရှိထားသည်။

ရုရှားနိုင်ငံမှ နိုဗိုဂိုရော့မြို့တော်အုပ်ချုပ်ရေးမှူး အန်ဒရေးနီကီတင်ဦးဆောင်သော စီးပွားရေးလုပ်ငန်းရှင်များ  ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယခုသီတင်းပတ်အစောပိုင်းတွင် အိန္ဒိယနိုင်ငံသို့ သွားရောက်ကာ စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် အပြန်အလှန်ကုန်သွယ်ရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်  ဆွေးနွေးမှုများ လုပ်ဆောင်ထားသည်။

အဆိုပါ   ကိုယ်စားလှယ်အဖွဲ့တွင် ရုရှားနိုင်ငံမှ  Splav နှင့် NPK တို့ကဲ့သို့သော ကုမ္ပဏီများမှ ကိုယ်စားလှယ်များ အဓိက လိုက်ပါသွားသည်။

Splav သည် နျူကလီးယားဓာတ်အားပေးစက်ရုံများအတွက် လိုအပ်သောပစ္စည်းများ ထုတ်လုပ်ပေးနေသည့် ကုမ္ပဏီဖြစ်ပြီး NPK ကမူ  ရုရှားအာကာသအေဂျင်စီအတွက် ပစ္စည်းများ ထုတ်လုပ်ပေးနေသောကုမ္ပဏီ ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံအတွက် ခိုင်မာအားကောင်းသည့် ကုန်သွယ်ဖက်နိုင်ငံအဖြစ်သို့ရောက်ရှိလာပြီး ၂၀၂၃ ခုနှစ်တွင်လည်း  အလားတူအတိုင်း  ဆက်ရှိနေမည်ဖြစ်ကြောင်း သုတေသနတစ်ခုတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် ဧပြီလမှစက်တင်ဘာလအတွင်း   ရုရှားနိုင်ငံမှအိန္ဒိယနိုင်ငံသို့ ပို့ကုန်တင်ပို့မှုပမာဏသည်   အမေရိကန် ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံသာရှိရာမှ ယခုနှစ်အလားတူကာလတွင် ဒေါ်လာ ၂၁ ဒသမ ၃ ဘီလီယံအထိ မြင့်တက်လာကြောင်း သိရသည်။

Ref: Sputnik