ယူ ၁၉ အသင်းလူရွေးပွဲအဖြစ် အောက်တိုဘာ ၁၈ နှင့် ၂၀ တွင် ကျင်းပမည်

မြန်မာ ယူ-၁၉ အသင်းသည် ပဏာမကစားသမားလူရွေးပွဲအဖြစ် တိုင်းနှင့် ပြည်နယ် ယူ-၁၈ လက်ရွေးစင်အသင်း(တိုင်းစတား)နှင့် အောက်တိုဘာ ၁၈၊ ၂၀ ရက်တွင် ယှဉ်ပြိုင်ကစားသွားရန် စီစဉ်နေကြောင်း သိရသည်။

မြန်မာ ယူ-၁၉ အသင်းသည် အောက်တိုဘာ ၁၀ ရက်မှစ၍ ပဏာမကစားသမား ၂၈ ဦးဖြင့် စတင်လေ့ကျင့်မှုများပြုလုပ်ခဲ့သော်လည်း ကစားသမား ဖြည့်တင်းရွေးချယ်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပြီး အောက်တိုဘာ ၁၈၊ ၂၀ ရက်များတွင် တိုင်းနှင့် ပြည်နယ် ယူ-၁၈ လက်ရွေးစင်အသင်း(တိုင်းစတား)နှင့်လူရွေးပွဲအဖြစ် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သော်လည်း အောက်တိုဘာ ၁၆ ရက်အထိ ကစားမည့်ကွင်းအပေါ် အတည်မပြုနိုင်သေးကြောင်း သိရပါတယ်။ အောက်တိုဘာ ၂၀ ရက်တွင် ကစားမည့်ပွဲကိုမူ ဗဟန်းအားကစားကွင်း(M-3) ၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ယူ-၁၉ အသင်းနည်းပြချုပ်ဖြစ်သူ ဦးအောင်နိုင်သည် ယင်းခြေစမ်းပွဲနှစ်ပွဲမှနေ၍ တိုင်းနှင့် ပြည်နယ် ယူ-၁၈ လက်ရွေးစင်အသင်း(တိုင်းစတား)မှ ထူးချွန်ကစားသမားများကို မြန်မာ ယူ-၁၉ ပဏာမလက်ရွေးစင်အသင်း၌ ဖြည့်တင်းရွေးချယ်သွားမည်ဖြစ်တာကြောင့် လက်ရှိကာလမှာ မြန်မာ ယူ-၁၉ အသင်းအနေဖြင့် လူရွေးချယ်ရေးအပိုင်းကိုသာ အဓိကဦးစားပေးလုပ်ဆောင်နေလျက်ရှိပြီး လာမည့် ဒီဇင်ဘာကာလရောက်မှသာ လူရွေးချယ်ရေးအပိုင်း ပြီးဆုံးနိုင်ဖွယ်ရှိကြောင်း သိရသည်။

မြန်မာ ယူ-၁၉ အသင်းသည် လာမည့်နှစ်တွင် အာဆီယံ ယူ- ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာရှဖလား ယူ-၂၀ ခြေစစ်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။