ယီမင်၏ဟူရ်သီသူပုန်များက အစ္စရေးလုပ်ငန်းရှင်ပိုင်သော သင်္ဘောကို ပင်လယ်နီတွင်ဖမ်းဆီး

ယီမင်၏ ဟူရ်သီသူပုန်များက ၎င်းတို့သည် အစ္စရေးလုပ်ငန်းရှင်ပိုင်သော သင်္ဘောကို ပင်လယ်နီတွင် ဖမ်းဆီးလိုက်ပြီး သင်္ဘောကို ယီမင်ကမ်းရိုးတန်းသို့ လမ်းကြောင်းပြောင်းခိုင်းခဲ့သည်ဟု နိုဝင်ဘာ ၁၉ ရက်တွင် ယင်းသူပုန်အဖွဲ့က ထုတ်ပြန်သည်။

ဂါဇာကမ်းမြောင်၌ အစ္စရေး-ဟားမာ့စ် စစ်ပွဲဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍ ပင်လယ်နီတွင် အစ္စရေးသင်္ဘောများကို ပစ်မှတ်ထားမည်ဟု အီရန်ကျောထောက်နောက်ခံပြု ဟူရ်သီသူပုန်အဖွဲ့က ခြိမ်းခြောက်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ယီမင်သူပုန်အဖွဲ့၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

သူပုန်များသည် အစ္စရေးသင်္ဘောကို ဖမ်းဆီးလိုက်ပြီး ယင်းသင်္ဘောကို ယီမင်ကမ်းရိုးတန်းသို့ မောင်းနှင်စေခဲ့သည်ဟု ဟူရ်သီပြောရေးဆိုခွင့်ရှိသူ ရာယာဆာရီက လူမှုမီဒီယာ X တွင် ထုတ်ပြန်သော ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။