မှတ်တမ်း မရေးထားသော နှလုံးသားထဲက ပုံရိပ်များ


၁၉၈၇ နှစ်ကုန်နဲ့ ၁၉၈၈ နှစ်စပိုင်း၌ နိုင်ငံရေး မငြိမ်မသက်မှုများ ကြားလာရပါတယ်။ မိမိတို့ တပ်ရင်းလည်း စစ်ဆင်ရေးသွားရောက်ရန် အသင့်ပြင်ကြပါတယ်။ မိမိ စစ်ဆင်ရေးသွားနေစဉ် ဇနီးနဲ့သမီးက မကွေးတွင် ပြန်နေမည်ဖြစ်၍ စစ်ဆင်ရေးမထွက်ခင် တစ်ရက်ကြိုကာ မန္တလေးမြို့ထဲက မကွေးကားဂိတ်သို့ လိုက်ပို့ပါတယ်။ ကားဂိတ်မှာပဲ လက်ပြ နှုတ်ဆက်ပါတယ်။ မိမိ ရှေ့တန်းထွက်သည့်နေ့တိုင်း မိသားစု အနားမှာ မရှိပါ။ တစ်ရက်ကြိုကာ မကွေးပြန်သွားပြီး၊ ပထမအကြိမ် ကားဂိတ်လိုက်ပို့မည့်အချိန်တွင် တပ်ရင်းက လိုက်ပို့မည့် ကားစောင့်ရင်း အချိန်မမီတော့မလို ဖြစ်‌နေပါတယ်။ တစောင့်စောင့်နဲ့နေရင်းက ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး သန်းအောင်ထံ အပြေးအလွှားသွားကာ အကူအညီတောင်းရာ ဗိုလ်မှူးက သူရဲ့ စစ်ယာဉ်ဂျစ်ကား ပေးလိုက်ပါတယ်။ ယာဉ်မောင်းရဲဘော် အမြန်မောင်းပေး၍ မကွေးကား ထွက်ခါနီး မီရုံလေး ရောက်သွားပါတယ်။
စစ်ဆင်ရေးမထွက်ခင် ညပိုင်း၌ ယာဉ်တန်းရောက်လာပါတယ်။ နံနက်စောစော၌ တပ်ရင်းမီးစက်ကြီးမောင်းကာ လက်နက်၊ ခဲယမ်းများ ထုတ်ယူပြီး စစ်ကြောင်း/ တပ်ခွဲလိုက် သတ်မှတ်ပေးထားတဲ့ယာဉ်ပေါ် တက်ကြပါတယ်။ မိသားစုများက ယာဉ်တန်း မထွက်မချင်း ယာဉ်ဘေးကနေ စကားပြောမဆုံး ဖြစ်နေကြကာ၊ ယာဉ်တန်းထွက်တော့ အပြန်အလှန် အော်ဟစ်ကြ၊ လက်ပြကြ နှုတ်ဆက်ကြပါတယ်။
ကယား(၁)တွင် တပ်သားအဆင့်ဖြင့် ရှေ့တန်းသို့ လိုက်ပါသည့်နှစ်ကြိမ်စလုံး နောက်ချန်အဖွဲ့ဖြင့်လိုက်ပါရပြီး ထိုမြင်ကွင်းမျိုး မမြင်တွေ့ရပါ။ အလုပ်သင်ဗိုလ်ကာလ ခလရ(၃၂)တွင် ရှေ့တန်းထွက်တော့လည်း တစ်ခွဲနားစနစ်ဖြစ်ကာ ဆိပ်ကမ်းသို့ ခြေကျင်ချီတက်ကြပါတယ်။ ဒုတိယဗိုလ်အဆင့် ခလရ(၅၄)တွင်လည်း ရှေ့တန်းတပ်ခွဲသို့ တစ်ယောက်တည်း လိုက်သွားရကာ ထိုမြင်ကွင်းမျိုး မကြုံရပါ။
ယာဉ်တန်းဖြင့် တပ်ရင်းမှထွက်ခွာပြီးနောက် မြို့ဟောင်းဘူတာသို့ ရောက်ရှိကာ ရထားပေါ် နေရာယူကြပါတယ်။ မိမိက စစ်ကြောင်း(၁) အကူပစ်လက်နက် တာ၀န်ခံအရာရှိအဖြစ် လိုက်ပါရပါတယ်။ ရထားတွဲများတွင် စစ်ကြောင်း(၂) တပ်ခွဲနှစ်ခွဲက ရှေ့နဲ့ စစ်ကြောင်း(၁) တပ်ခွဲ သုံးခွဲကနောက် နေရာယူကာ အကူပစ် လက်နက်အဖွဲ့က တပ်ရင်းမှူးတွဲရဲ့နောက် ကပ်ရက်တွဲတွင် လိုက်ပါပါတယ်။ လိုက်ပါရမည့်တွဲက ဘယ်/ ညာ တံခါးပေါက် နှစ်ပေါက်သာပါတဲ့ အလုံပိတ်ကုန်တင်တွဲဖြစ်ကာ ခဲယမ်း၊ ဗုံးသီးများကို သေချာစွာ စီရီပြီး စစ်သည်များ ထိုင်နိုင် အိပ်နိုင်အောင် ပစ္စည်းများအား စနစ်တကျ နေရာချထား‌စေပါတယ်။
စစ်ဆင်ရေးမထွက်ခင် ညှိနှိုင်းအစည်းအဝေး၌ အကူလက်နက်များနဲ့ပတ်သက်တဲ့ ကိစ္စအဝဝကို မိမိအား တာဝန်ပေးပြီး၊ ရထားနဲ့ ချီတက်စဉ်ကစ၍ ရောက်တဲ့နေရာတိုင်းတွင် တိုက်ပွဲဖြစ်ပွားလာပါက အကူလက်နက်များဖြင့် ပစ်ကူပေးနိုင်အောင် အသင့်ဖြစ်ရန်၊ မည်သည့် အုပ်ချုပ်မှုဖြစ်စဉ်မှ မဖြစ်အောင် တာဝန်ယူရန်၊ နိုင်ငံရေး အခြေအနေအရရော၊ ဝင်ရောက်မည့် စစ်ဆင်ရေးနယ်မြေ အခြေအနေအရပါ စစ်သည်များ အရက်မသောက်ရန် တပ်ရင်းမှူးက မှာပါတယ်။
အကူပစ်လက်နက်အဖွဲ့တွင် ပါ၀င်သူများမှာ တပ်ကြပ် စိုးဝင်း(ရောက်လေရာ လက္ခဏာဟောလေ့ရှိသဖြင့် ရဲဘော်များက “ဆရာစန္ဒရော”ဟု ခေါ်ကြပါတယ်) တပ်သား အောင်ကျော်စိုး(ဖဲသမား)၊ တပ်သား လူအေး ( ဗမာ့လက်ဝှေ့) တပ်သား အောင်ကျော်ဌေး (အောင်ကျော်စိုးကို ဆရာတင်ကာ တပူးတွဲတွဲ နေသူ)၊ တပ်သား သံရွက် (အရက်မူးလာလျှင် စကားလုံး အကြီးတွေ ပြောတတ်သူ) တပ်သား သန်းဖေ(တောဆောင်း ဦးထုပ်ကို တစောင်း ဆောင်းသူ)၊ တပ်သား သိန်းဝင်း (အေးအေးနေတတ်)၊ တပ်သား စိုးခင်(မထုံတက်ထေး)၊ တပ်သား အောင်ဆန်းနဲ့ မိမိ အပါအဝင် အင်အား ဆယ့်ခြောက်ယောက်ခန့်ရှိပါတယ်။
တပ်ခွဲပေါင်းစုံမှ ဂျစ်တစ်တစ်၊ ဂျစ်ကန်ကန်များ ဖြစ်ပြီး စတင်စုဖွဲ့ပြီးတာနဲ့ ချီတက်စဉ် လိုက်နာရမည့်စည်းကမ်းများနဲ့ နေထိုင်ရမည့် စည်းကမ်းများကို သေချာ မှာပါတယ်။ တပ်သား သန်းဖေကို အနီးကပ်ထိန်းလို့ရအောင် အကူရဲဘော်အဖြစ် ခေါ်ထားပြီး၊ လက်နက်များကို အချိန်မရွေး ပစ်ခတ်နိုင်အောင် အသင့်ပြင်ထား‌စေပါတယ်။
စစ်ကြောင်း(၁)တွင် ဗိုလ်မှူး စိုးဝင်းမောင် ဦးစီး တပ်ခွဲ(၁)၊ ဗိုလ်ကြီး သောင်းစိန် ဦးစီး တပ်ခွဲ(၂)၊ ဗိုလ်ကြီး ဝင်းတင့် ဦးစီး တပ်ခွဲ(၃)၊ စစ်ကြောင်း(၂)တွင် ဗိုလ်ကြီးအောင်နိုင် ဦးစီး တပ်ခွဲ(၄)၊ ဗိုလ်ကြီးတင်စိုး ဦးစီး တပ်ခွဲ(၅)တို့ဖြစ်ပြီး၊ တပ်ခွဲ(၅)တွင် ခလရ(၅၄)မှ ဆေးတပ်ကြပ် ဝင်းမြင့် ဗိုလ်သင်တန်းဆင်းလာကာ တပ်စုမှူးအဖြစ် ပါလာပါတယ်။ သူ့ဇနီး မနွဲ့လည်း ကလေးတစ်ယောက်နဲ့ မိမိနေအိမ် မြောက်ဘက် ဗိုလ်ကြီး ကံညွှန့် နေသွားတဲ့အိမ်တွင် နေရကာ ဆရာတပည့်နှစ်ယောက် အိမ်နီးချင်း ဖြစ်သွားပါတယ်။
မြို့ဟောင်းဘူတာမှ ရထားထွက်ပြီး၊ အမရပူရဘူတာ ဖြတ်သည့်အခါ ရုံပိုင်ဖြစ်သူ ကျောက်ဆည်မှ ငြိမ်းမောင်ကိုတွေ့လိုက်၍ လက်ပြနှုတ်ဆက်ပါတယ်။ စစ်ကိုင်းမှအထွက် နေပူလာရာ ရထားတွဲနံရံများပါ ပူလာပါတယ်။ တွဲထဲတွင် ချွေးပြိုက်ပြိုက်ကျလာကြကာ စစ်သည်များ တံခါးပေါက်အနီး စုပြုံလာ၍ အောက်ပြုတ်မကျရန် တံခါးပေါက်ကို ဝါးလုံးများနဲ့ ကာရံလိုက်ရပါတယ်။ တွဲထဲတွင် ဆေးလိပ်မသောက်ရန် စည်းကမ်းထုတ်ထားပြီး၊ ရှေ့တွဲများက မီးပွားများ


မဝင်အောင်လည်း ဂရုစိုက်ကြည့်ခိုင်းပါတယ်။ ရထားတွဲပူလာ၍ ဗုံးသီးတွေ ထကွဲလေမလား တွေးပူမိပြီး၊ ဖြစ်ကာမှဖြစ်ရော၊ လောလောလတ်လတ် ခံစားရသည့် အပူဒဏ်ကြောင့် တွဲထဲ လိုက်ပါ လာသူအားလုံး စိတ်မသက်မသာဖြင့် လိုက်ပါနေရပါတယ်။
ထိုလမ်းခရီးကို ပထမဆုံး သွားဖူးခြင်းဖြစ်ပြီး နယ်မြေ မကျွမ်းကျင်ပါ။ နဘားဘူတာကျော်လျှင် ရန်သူက မိုင်းထောင်ခြင်း၊ ပစ်ခတ်နှောင့်ယှက်ခြင်းများပြုလုပ်လေ့ရှိသဖြင့် အထူး သတိထားရန် ကြိုတင်မှာထားပါတယ်။ ရန်သူ ပစ်ခတ်လာပါက ချက်ချင်း တန်ပြန် ပစ်ခတ်နိုင်ရန် ဒုံးပစ် လောင်ချာအဖွဲ့ကို အသင့်ပြင်ထားစေပါတယ်။ တဖြည်းဖြည်း အမှောင်သန်းလာသည့်အခါ ရာသီဥတု အေးလာပါတယ်။ အလုံပိတ်တွဲဖြစ်နေ၍ တံခါး ပိတ်ရန်လည်းမဖြစ်၊ လေတိုးနေ၍ ခိုက်ခိုက်တုန်အောင် ချမ်းလာကာ စစ်သည်များက “ဝက်တင်တဲ့တွဲနဲ့ ဝက်တွေ တင်လာသလိုပဲ”ဟု ပြောလာပါတယ်။
ပြောလည်းပြောချင်စရာပင်၊ အလုံပိတ်တွဲတွင် ဖြစ်သလို လိုက်ကြရပြီး၊ နေ့ခင်းတွင် အပူရှိန်ပြင်းကာ ညပိုင်း၌ ခိုက်ခိုက်တုန်အောင် ချမ်းသဖြင့် ထိုင်မရ၊ အိပ်မရ ဖြစ်ကြရပါတယ်။ ထိုသို့ အဆင်မပြေလှသည့် ကုန်တင်တွဲကို စစ်ဆင်ရေး အသွား/အပြန် ပို့ဆောင်ပေးတဲ့ စစ်ရထားတွင် ဘာကြောင့် ထည့်ပေးထားပါလိမ့်ဟု တွေးနေမိပါတယ်။ နောက်တစ်နေ့ နံနက်ပိုင်း မြစ်ကြီးနားသို့ ရောက်သည့်အခါ မိမိတို့တွဲတွင် လိုက်ပါလာသူအားလုံး ရေခဲရိုက်ထားသလို ဖြစ်နေပါတော့တယ်။
မြစ်ကြီးနားတွင် တပ်ရင်းတစ်ရင်းလုံး မြို့အနောက်ဘက် အစွန်ဆုံးရပ်ကွက်၌ အခြေပြုကြရပါတယ်။ အကူပစ်အဖွဲ့ကို ဧရာဝတီမြစ်ကမ်းဘေးက အိမ်နှစ်အိမ်တွင် နေရာချထားပြီး၊ ဘယ်မှ မသွားရ၊ အသင့်စောင့် အနေအထားနဲ့ နေကြရပါတယ်။
မပခ တိုင်းမှူးမှာ တမခ(၃၃)ကို စတင်ဖွဲ့စည်းသွားသည့် ဗိုလ်မှူးချုပ် ကျော်ဘဖြစ်ပြီး၊ ဗိုလ်လောင်း သင်တန်းတက်ဖက် ဗိုလ်ကြီး မင်းမင်းဦးရဲ့ ဖခင်လည်း ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ကို နေဝင်မီးငြိမ်း လုပ်ထား၍ ညရောက်တာနဲ့ တိတ်ဆိတ်သွားပါတယ်။ စစ်သည်များ မြို့ထဲမသွားရန်နဲ့ ရပ်ရွာထဲ နေထိုင်စဉ်၊ စည်းကမ်းတကျရှိရန် မျက်ခြည်မပြတ် ကြည့်နေရပါတယ်။ လက်နက်၊ ခဲယမ်းများ တိုက်ချွတ်ခြင်းနဲ့ အချိန်မရွေး ချီတက်နိုင်အောင် ဗုံးသီးအထမ်းများ ပြင်ဆင်ကြပါတယ်။ မြစ်ကြီးနားတွင် ဗိုလ်ကြီး တင်စိုး တပ် ပြောင်းသွားကာ မှူး/ဗက စိုးလွင်(အလသဗ-၁) ရောက်ရှိလာပြီး တပ်ခွဲ(၅)တပ်ခွဲမှူးတာဝန် ထမ်းဆောင်ပါတယ်။
မြစ်ကြီးနားသို့ ရောက်ရှိပြီး သုံးရက်အကြာတွင် စစ်ကြောင်း(၂)နဲ့ တပ်ခွဲနှစ်ခွဲ၊ တပ်မတော်က သိမ်းပိုက်လိုက်သည့် ကေအိုင်အေ နားဖော့စခန်းသို့ စစ်သံမှူးများလာရောက်မည်ဖြစ်၍ ပါဂျို နားဖော့ခွင်သို့ သွားရောက်ကာ လုံခြုံရေး ဆောင်ရွက်ရပါတယ်။ နားဖော့စခန်းတွင် စစ်ဗျူဟာအဖွဲ့ အခြေပြုထားပြီး၊ ပါဂျိုစခန်းကို တိုက်နေဆဲ ဖြစ်ပါတယ်။
နံနက်စောစောတွင် တပ်ခွဲမှူး ယာယီတပ်ခွဲမှူး မှူး/ဗက စိုးလွင်နဲ့ ဗိုလ် ကိုကိုနိုင် တပ်စုတို့ နယ်မြေရှင်းလင်းရေး လှုပ်ရှားပါတယ်။ နံနက် ၇ နာရီခွဲခန့်တွင် တောင်ကြောတစ်ခု အရှေ့မှာ ကာထားပြီး၊ လမ်းက တောင်ကြောကိုပတ်သွားရကာ တောင်ကြောပေါ် တက်ရှင်းခါနီးတွင် ရန်သူက အနီးကပ် ပစ်ခတ် လာပါတယ်။ တပ်ခွဲရုံးက စက်လတ်နဲ့ နှစ်လက်မ စိန်ပြောင်းတို့ ပစ်ခတ်ပေးပြီး တောင်ကြောပေါ်သို့ ပစ်တက်တက် ကျားထိုးရာ ရန်သူက ခံမပစ်ဘဲ အနောက်ဘက် လျှိုထဲ ဆင်းပြေးသွားပါတယ်။ ထိုကနေ တောင်ကြောပတ်တဲ့လမ်းအတိုင်း ထွက်လာရာ လမ်းကြောင်းရဲ့ ညာဘက်တွင် ကမ်းပါးယံ၊ ဘယ်ဘက်တွင် ချောက်၊ အလယ်တွင် ရေတိုက်စားထားတဲ့တွင်း၊ တွင်းဘေး ဘယ်ညာတွင် လမ်းအကျယ် တစ်တောင်ခန့်ရှိပါတယ်။
ညာဘက် ကမ်းပါးယံဘေးက ကပ်လျှောက်နေချိန်၊ နောက်ဘက်မှ တပ်စိတ်မှူး တပ်ကြပ် ကျော်အုန်းက “ဗိုလ်ကြီး … မိုင်း”ဟု အော်လိုက်၍ အားလုံး တုံ့ခနဲ ရပ်သွားပါတယ်။ အနောက်ဘက် ပြန်လှည့်ကြည့်ရာ တွင်းညာဘက်ဘေးတွင် နင်းမိုင်းငုတ်ကို တွေ့လိုက်ရပါတယ်။ ထိုအချိန်တွင် တပ်သား အောင်ထွန်းက မိုင်းမတွေ့ဖူး၍ဆိုကာ ရှေ့တက်လာရာ ဆရာကျော်အုန်းက “ ဟေ့ကောင် .. မလှုပ်နဲ့၊ မင်းအောက်မှာ မိုင်း”ဟု သတိပေးလိုက်ပြန်ပါတယ်။ တွင်းကို ခွပြီး မိုင်းနှစ်လုံးထောင်ထားရာ ကံကောင်းစွာ မနင်းမိကြပါ။ မိုင်းများကို အမှတ်အသားပြုလုပ်၊ စစ်ဗျူဟာသို့ သတင်းပို့ပြီး ဆက်ထွက်ပါတယ်။ နံနက် ၁၀ နာရီခွဲခန့်တွင် မိုင်းကွဲသံကြား၍ စက်ထောင်ကာ မေးကြည့်ရာ မိုင်းလာဖော်တဲ့အဖွဲ့ အပြန်တွင် နံနက်ပိုင်းက ရန်သူ ပစ်ခတ်‌သောနေရာ၌ ဆရာသန်းမောင် မိုင်းနင်းမိကြောင်း သိလိုက်ရပါတယ်။ (ခမရ(၁၁၉) တပ်ရင်းရဲ့ ပထမဆုံး မိုင်းဖြစ်စဉ် ဖြစ်ပါတယ်။)
ညနေစောင်းတွင် ဗျူဟာက ပြန်ခေါ်ပြီး၊ ရိက္ခာယူ၍ ဆက်ထွက်ရမည်ဆိုတာကြောင့် တပ်ခွဲမှူးက ရောက်တဲ့နေရာ အခြေပြုနေခဲ့ကာ ဗိုလ်ကိုကိုနိုင် တပ်စု နားဖော့သို့ ပြန်တက်၊ ရိက္ခာထုတ်၊ ဒုတိယ တပ်ရင်းမှူးထံ သတင်းပို့ကာ ဆက်ထွက်ပါတယ်။ လအလင်းရောင်နဲ့ သတိထားသွားကြကာ နံနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ သည့်နေရာ ရောက်သည့်အခါ သတိထားနေတဲ့ကြားက “ဂျိမ်း” ဆိုတဲ့ ပေါက်ကွဲသံ ကြားလိုက်ရပြီး၊ ခေါင်းပေါ်ကို မြေကြီးခဲတွေ ပြုတ်ကျလာပါတယ်။ ရန်သူက လက်နက်ကြီးနဲ့ ပစ်တယ်ထင်ပြီး လက်နက်ငယ်များနဲ့ တောင် ကြောဘက်ကို ပြန်ပစ်ကြရာ


တစ်ဖက်က ပစ်ခတ်သံ မကြားရမှ အပစ်ရပ်လိုက်ပါတယ်။
ဗိုလ်ကိုကိုနိုင်နောက်က ရဲဘော် မိုင်းနင်းမိပြီး ပက်လက်လန်နေ၍ ဓာတ်မီးထိုးပြီး မိုင်းရှင်းကြပါတယ်။ မိုင်းထိတဲ့ ရဲဘော်က ခြေကျင်း ၀တ်နားကနေ တွဲလောင်းဖြစ်နေရာ တပ်စုတပ်ကြပ်ကြီး မြင့်လှိုင်ကို ဆေးပတ်တီးစည်းလို့ ရမလား မေးလိုက်ပါတယ်။ ခြေထောက်ဖြတ်မှ ရမယ်ဟု ပြန်ပြောလာ၍ ထင်းခုတ်တဲ့ ဓားမနဲ့ ခြေထောက်ကိုဖြတ်၊ ပတ်တီးစည်း၊ ခြေပြတ်ကို ချောက်ထဲပစ်ချ၊ ထမ်းစင်လုပ်ကာ တပ်ခွဲရုံးသို့ ပူးပေါင်းပါတယ်။ လူနာကို ဗျူဟာကုန်းသို့ ပြန်ပို့ဖို့ စီစဉ်ပြီး ခရီးဆက်ထွက်ပါတယ်။ ညအိပ်နေရာ ရောက်တဲ့အခါ ဗိုလ်ကိုကိုနိုင် လက်တွင် သွေးများ ခြောက်ကပ်နေပြီး၊ ဆေးစရာ ရေကမရှိ၊ ဗိုက်ဆာနေပေမယ့် ထမင်းမစားနိုင်တော့ဘဲ အိပ်ပစ်လိုက်ပါတယ်။
နောက်နေ့ နံနက်ပိုင်း ဆက်ထွက်ကြကာ နေ့ခင်းတွင် တပ်ခွဲရုံး အခြေပြုရမည့်တောင်ကြောတွေ့ပြီး ဆက်မသွားနိုင်တော့ပါ။ ညပိုင်းက အထွက်ပြပြီး အဆင်ပြေတဲ့နေရာတွင် နားထားသဖြင့် အချိန်မမီတော့။ မကြာခင်တွင် စစ်သံမှူးများ လိုက်ပါလာသည့် ရဟတ်ယာဉ် ခေါင်းပေါ်က ဖြတ်သွားပြီး၊ ရဟတ်ယာဉ်သံ ကြားရချိန်တွင် ပါဂျိုဘက်၌ ပစ်ခတ်နေသည့် သေနတ်သံများ တိတ်သွားပါတယ်။ ညနေပိုင်းတွင် စစ်သံမှူးများ လိုက်ပါလာသည့် ရဟတ်ယာဉ် ပြန်ထွက်သွားပြီး၊ ညဘက်တွင် ဗျူဟာကုန်းသို့ ပြန်လည် ချီတက်ပါတယ်။
ယမန်နေ့က မိုင်းနင်းပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ ည ၁၂ နာရီခန့် ရောက်ရှိကာ မိုင်းဖြစ်စဉ်ဖြစ်ခဲ့တာကြောင့် ဗိုလ်ကိုကိုနိုင်က ဆရာကျော်အုန်းကိုခေါ်ပြီး ဓါတ်မီးသုံးမယ်၊ မိုင်းကြည့်မယ်၊ အရှေ့ကခြေလှမ်းအတိုင်း လိုက်နင်းဆိုပြီး ရှေ့ကနေ သွားကြပါတယ်။ သမ္ဗုဒ္ဓေဂါထာတော် ရွတ်နေပေမယ့် ကြွထားတဲ့ခြေထောက် မြေပေါ် ချခါနီး အသက်မရှုနိုင်ကြ၊ နှင်းခဲတဲ့ရာသီတွင် တစ်လှမ်းချင်းလှမ်းရင်း ဘယ်အချိန် မိုင်းကွဲမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ လှမ်းခဲ့ရာ ညသန်ခေါင်ကျော် ၁ နာရီတွင် ဗျူဟာကုန်း ပြန်ရောက်လာပါတယ်။
ဗျူဟာကုန်း၌ နှစ်ရက်အခြေပြုပြီး၊ ညဘက်တွင် တပ်ခွဲမှူးက တပ်စုမှူးများကိုခေါ်တွေ့၍ နောက်တစ်နေ့ မြစ်ကြီးနားပြန်သည့်အခါ ပွိုင့်တပ်ခွဲသွားရမည်ဖြစ်၍ ဗိုလ် ကိုကိုနိုင် တပ်စုအား ပွိုင့်သွားရန် တာ၀န်ပေးပါတယ်။ ဗိုလ် ကိုကိုနိုင်က စိတ်တွေလေးပြီး ဘာမှပြန်မပြောဘဲနေရာ ဒုတိယဗိုလ်ဝင်းမြင့်က “ကိုနိုင်ကြီး ပင်ပန်းနေပြီ၊ ကျွန်တော်တပ်စုသွားမယ်” ‌ပြောလိုက်ပါတယ်။ တပ်ခွဲမှူးက “ကိုနိုင် လမ်းကျွမ်းတယ်၊ ကိုနိုင်သွားပါစေ” ပြန်ပြောရာ ဒုတိယဗိုလ် ဝင်းမြင့်က “ ကျွန်တော်သွားပါ့မယ် ” ထပ်ပြောသဖြင့် တပ်ခွဲမှူး လက်ခံလိုက်ပါတယ်။
နောက်နေ့ နံနက်စောစော ဗျူဟာကုန်းမှထွက်လာရာ ယမန်နေ့ မိုင်းဖြစ်စဉ် နေရာအလွန်၌ စစ်ကြောင်းမှူးက လမ်းကြောင်းပြောင်းကာ ညာဘက်ကြောကနေ ဆက်ထွက်ပါတယ်။ နေ့ခင်း ၁ နာရီခန့်တွင် နေ့လယ်စာစားပြီး ဆက်ထွက်ရာ ဘေးနှစ်ဖက် တောင်ကမ်းပါးယံရှိပြီး လမ်းပေါ်တွင် ကျောက်တုံးများနဲ့ သစ်ရွက်များ ရှိနေပါတယ်။ မကြာခင် “ ဂျိမ်း” ဆိုကာ မီးခိုးလုံးတက်လာ၍ မိုင်းနင်းပြီမှန်း သိလိုက်ပါတယ်။ ရှေ့တက်ကြည့်တဲ့အခါ ဒူးအထက်ကနေ တစ်ယောက်ပြတ်သွားပါပြီ။ တပ်ခွဲမှူးရော စစ်ကြောင်းမှူးပါ ရှေ့တက်လာကြပြီး စစ်မြေပြင် အင်ဂျင်နီယာရဲဘော် မိုင်းရှင်းပြီးနောက် ဒုတိယဗိုလ်ဝင်းမြင့် ပွိုင့်တပ်စု ဆက်ထွက်ပါတယ်။ ဗိုလ်ကိုကိုနိုင်က ထမ်းစင်လုပ်ပြီး သယ်ခဲ့မယ်ပြောကာ နောက်သို့ ပြန်သွားချိန်၊ ခြေလှမ်းဆယ်လှမ်းခန့်သွားပြီးချိန်တွင် ပြင်းထန် တဲ့ ပေါက်ကွဲသံကြီး ကြားလိုက်ရကာ စစ်သည် ငါးယောက်ခန့် လဲသွားပြန်ပါတယ်။
ပွိုင့်တပ်စုမှူးက ဆက်ထွက်ရန် အမိန့်ပေးချိန်၊ တပ်သားမှတ်သန်းက ကမ်းပါးယံဘေးတွင် ပထမ မိုင်းထိတဲ့သူဆီက ကျသွားတဲ့ ဆေးပတ်တီးကိုလှမ်းကောက်ရာ တပ်စုမှူးက မယူနဲ့ ပြောလိုက်သဖြင့် လက်ကို ပြန်အရုပ်၊ ကမ်းပါးယံဘေးရှိ တိုက်မိုင်းကြိုးကို တိုက်မိပြီး မိုင်းကွဲကာ တပ်သား မှတ်သန်း ညာဘက် မျက်နှာတစ်ခြမ်း ပွင့်သွားပါတယ်။ သူ့ရဲ့နောက်မှ ရဲဘော်လည်း ဆီးစပ်ကို ထိမှန်ထားကာ “ဗိုလ်ကြီး ကျွန်တော် ထိသွားပြီ” ပြောပြီး ချက်ချင်း ကျဆုံးသွားပါတယ်။ တပ်ခွဲ အရာခံဗိုလ် သက်ဦး ပေါင်တွင် ထိမှန်ကာ၊ ဒုတိယဗိုလ် ဝင်းမြင့် နားအနောက်ဘက် ထိမှန်သွားပါတယ်။ ရဲဘော်သုံးယောက်က မထနိုင်တော့။ ကျဆုံးသွားတဲ့စစ်သည်ကို ထိုနေရာတွင် မြေမြှုပ် သင်္ဂြိုဟ်ပြီး အမိန့်စာပြန်ပါတယ်။ ခမရ(၁၁၉)ရဲ့ စစ်ဆင်ရေးတွင် ပထမဆုံး ကျဆုံးခြင်း ဖြစ်ပါတယ်။
ထမ်းစင် ငါးခုနဲ့ ဆက်ထွက်လာကာ ည ၆ နာရီခန့် ရွာတစ်ရွာ အရောက်တွင် ရပ်နားပြီး၊ ည ၇ နာရီခန့်၌ တပ်သား မှတ်သန်း ကျဆုံးသွားပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးစလုံး နံနက်ပိုင်း ခရီးမထွက်ခင်က သူတို့ တပ်စုမှူး ဒုတိယဗိုလ် ဝင်းမြင့်ထံ သူတို့ စိတ်တွေ တအားလေးနေကြောင်း ပြောကြသည်ဟု သိရပါတယ်။ (တပ်စုမှူး ဗိုလ်ကိုကိုနိုင် ကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်အား ‌ဖော်ပြခြင်း ဖြစ်ပါသည်။)
စစ်ကြောင်း(၂)နဲ့ တပ်ခွဲနှစ်ခွဲ ပါဂျို နားဖော့ဘက်သို့ ခရီးထွက်သွားပြီး နောက်နှစ်ရက်အကြာတွင် စစ်ကြောင်း(၁)နဲ့တပ်ခွဲနှစ်ခွဲ မြစ်ကြီးနားမြို့ မြောက်ဘက်အထွက်ရှိ တပ်ကုန်းရပ်ကွက်သို့ ပြောင်းရွှေ့ရပြီး၊ ဗိုလ်ကြီး သောင်းစိန် ဦးစီး တပ်ခွဲ(၂)က စီတာပူရပ်ကွက်သို့ ပြောင်းရွှေ့ အခြေပြုပါတယ်။ တပ်ကုန်းရောက်သည့် ညက အကူပစ်အဖွဲ့ကို Church ဘေးက ဂိုဒေါင်တွင် နေရာချထားပေးပါတယ်။ ပထမ တည်းခိုနေရာကနေ ရုတ်တရက်ပြောင်းရွှေ့လာကြရာ ရဲဘော်အချို့ ဆူညံဆူညံအသံများ ထွက်လာပါတယ်။ အရက်ခိုးသောက်ထား၍ အပြစ်ပေးတာကို မကျေနပ်ပုံလည်း ဖြစ်နေပါတယ်။ တပ်ကြပ် စိုးဝင်းကလည်း အားမကိုးရ။ တပ်ခွဲပေါင်းစုံက ထိန်းမနိုင်တဲ့သူများဖြစ်၍ သွေးတိုးစမ်းနေပုံ ရပါတယ်။
နံနက်မိုးလင်းတော့ မိမိတို့အဖွဲ့ကို တပ်ကုန်းရှိ တပ်စခန်းထဲ ပြောင်းရွှေ့ရပါတယ်။ “တိန်ကော့နော်ဂျာ” ရုပ်ရှင် ရိုက်ကူးသွားတဲ့ စခန်းဖြစ်၍ ဘန်ကာတဲ၊ ခေါင်ကတုတ်၊ ဆက်သွယ်ရေးမြောင်း၊ ခြံစည်းရိုးများအားလုံး သန့်ရှင်းသပ်ရပ်ကာ နေထိုင်ရ အဆင်ပြေသွားပါတယ်။ လက်နက်များအားလုံး ဘန်ကာထဲထည့်ထားပြီး၊ လက်နက်စောင့်ကင်း နေ့ညမပြတ် ချထား၍ ရပ်ကွက်ထဲ နေရတာထက် ပိုစိတ်ချသွားပါတယ်။ မိမိနဲ့ တပ်သား သန်းဖေက ဘန်ကာထဲ အိပ်ကြပါတယ်။ စခန်းဘေးတွင် ရပ်ကွက်စျေးရှိ၍ ဝယ်ခြမ်းရေးလည်း အဆင်ပြေပါတယ်။ စခန်းမြောက်ဘက် ကပ်ရက် ခြံထဲတွင် ရေတွင်းရှိ၍ ရေကင်းချထားပြီး အလှည့်ကျ ရေချိုးပါတယ်။ စခန်းအပြင်သို့ အဖွဲ့လိုက်စနစ်နဲ့ ထွက်စေကာ ရန်သူ အနီးကပ် ပစ်ခတ်တတ်၍ လုံခြုံရေးသတိနဲ့ သွားလာနေထိုင်ရန် ညွှန်ကြားထားပါတယ်။
(ထိုကာလ၌ မပခ တိုင်းမှူး ဗိုလ်မှူးချုပ် အယ်ကွန်ဖန် ယာဉ်တန်းကို တိုင်းစစ်ဌာနချုပ် အဝင်နားတွင် ချောင်းမြောင်း ပစ်ခတ်၍ တိုင်းမှူး ကျဆုံးသွားပါတယ်)။
ရဲဘော်များက အရက်မသောက်ရ ပြောထားလည်း ခိုးသောက်ပါတယ်။ ဖဲမရိုက်ရ အမိန့်ထုတ်ထားလည်း ရေကင်းအနီး၌ ဝါးရုံကွယ်ကာ ကစားကြပါတယ်။ တော်ရုံလည်း မသိဟန်ဆောင်ကာ မျက်နှာလွှဲထားလိုက်ပါတယ်။ မိမိအနေနဲ့ တစ်ဦးတစ်ယောက်ကို လိုက်လံ အပြစ် ရှာခြင်းမျိုး ဘယ်တော့မှမလုပ်ပါ။ အပြစ်ဖြစ်လာပါက အတတ်နိုင်ဆုံး ပြောဆို ဆုံးမပြီး အပြစ်ပေးမည်။ တစ်ဆင့်တက်လာလျှင် အော်ဟစ် ဆူဆဲမည်။ နောက်တစ်ဆင့်ဆိုပါက ရိုက်ပုတ် ထိုးကြိတ် ဆုံးမမည်။ အရေးယူရမယ့် အဆင့်မျိုး မဖြစ်စေချင်။ ရိုက်ပုတ်ပြီးသည်အထိ လိုက်နာမှု မရှိသူကိုတော့ သူ့ထိုက်နဲ့ သူကံ ပစ်ထားလိုက်ပါတယ်။