မြန်မာ့လက်ရွေးစင်ကစားသမား ကျော်မင်းဦး မလေးရှားလိဂ်သို့ပြောင်းရွှေ့ကစားမည်

မြန်မာ့လက်ရွေးစင်ကွင်းလယ်ကစားသမား ကျော်မင်းဦးဟာ ယခုနှစ်ဘောလုံးရာသီမှာ မလေးရှားစူပါလိဂ်ကိုပြောင်းရွှေ့ကစားတော့မယ်လို့သိရပါတယ်။ ကျော်မင်းဦးအနေနဲ့ မလေးရှားလိဂ်ကလပ်အသင်းတစ်သင်းနဲ့ အကြိုသဘောတူစာချုပ်,ချုပ်ဆိုထားပြီးဖြစ်ကာ ဇန်နဝါရီ၃၀ရက် ညပိုင်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ကိုထွက်ခွာသွားပြီလည်းဖြစ်ပါတယ်။

ကျော်မင်းဦးနဲ့စာချုပ်,ချုပ်ဆိုမယ့်အသင်းကို လတ်တလောမှာအတည်မပြုနိုင်သေးဘဲ တရားဝင်စာချုပ်,ချုပ်ဆိုပြီးမှသာ သတင်းထုတ်ပြန်မယ်လို့ ကာယကံရှင်ကဆိုပါတယ်။ 2022 AFF Mitsubishi Electric Cup ပြိုင်ပွဲအဖွင့်ပွဲဖြစ်တဲ့ မြန်မာအသင်းနဲ့မလေးရှားအသင်းတို့ရဲ့ပွဲမှာပြသခဲ့တဲ့ ကျော်မင်းဦးရဲ့ခြေစွမ်းကြောင့် မလေးရှားကလပ်အသင်းက စာချုပ်ဖို့ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။

လက်ရှိမလေးရှားစူပါလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ ဆီလန်ဂေါအသင်းမှာမြန်မာကစားသမား ဟိန်းထက်အောင်၊ ပီနန်းအက်ဖ်စီအသင်းမှာ ဇော်မင်းထွန်းတို့ကစားနေပြီး ကျော်မင်းဦးက မလေးရှားလိဂ်မှာကစားမယ့် သုံးဦးမြောက်မြန်မာကစားသမားလည်းဖြစ်ပါတယ်။ ကျော်မင်းဦးဟာ မြန်မာယူ-၂၀အသင်းနဲ့အတူ ၂၀၁၄ ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်ကစားခဲ့သူဖြစ်ပြီး ဒူးဒဏ်ရာကြောင့် သုံးနှစ်ကျော်အနားယူခဲ့ရကာ ၂၀၂၂ဘောလုံးရာသီမှသာ ရန်ကုန်ယူနိုက်တက်အသင်းနဲ့အတူ ဘောလုံးပြန်ကစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။