မေတ္တာပုံရိပ်

အပိုင်း(၁)
‘‘မှုံ မလိုက်လို့ မရဘူးလား မောင်ရယ်’’
မောင့်ကို အကျီကြယ်သီးတပ်ပေးရင်း ကျွန်မတောင်းဆိုလိုက်ခြင်းပါ။
‘‘မဖြစ်ဘူးလေ မှုံရဲ့၊ မှုံက မောင့်ရဲ့ဇနီး၊ ပြီးတော့ တပ်ခွဲက ဆရာကြီးတွေ၊ မိသားစု တွေနဲ့ မှုံ့ကိုမိတ်ဆက်ပေးရအုံးမယ်လေ၊ အားလုံးကလဲ သူတို့တပ်ခွဲမှူးရဲ့ဇနီးကို တွေ့ ချင်နေကြတယ်၊ လိုက်ခဲ့ပါ မှုံရယ် ’’
ကျွန်မ သက်ပြင်းမျှင်မျှင်လေး ချလိုက်မိသည်။ တကယ်တော့ မောင်နဲ့ကျွန်မတို့ရဲ့ နှစ်ယောက်တစ်ဘဝ တည်ဆောက်ခဲ့သည်မှာ တစ်လပင်မပြည့်သေးပါ။ သျှောင်နောက် ဆံထုံးပါဆိုသလို ကျွန်မ ကုမ္ပဏီအလုပ်မှထွက်ပြီး မောင့်နောက်ကိုလိုက်ခဲ့ခြင်းပါ။ ကျွန်မတို့ အသိုင်းအဝန်းမှာ စစ်သားနဲ့ ဖူးစာဆုံတာဆိုလို့ ကျွန်မတစ်ယောက်တည်းသာ။ အသိုင်းအဝန်းတွေကပြောကြသည် ‘‘တစ်မိ ပေါက် တစ်ယောက်ထွန်း’’တဲ့။ ကျွန်မ ကတော့‘‘တစ်ဝန်းပေါက် တစ်ယောက်ထွန်း’’ လို့သာ ဆိုလိုက်ချင်ရဲ့။ ကျွန်မစိတ်ကူးတွေ က မောင်နဲ့ကျွန်မ နှစ်ယောက်တစ်ဘဝ တည်ဆောက်ပြီး လောကကြီးမှာ ပျော်ပျော် နေမည်ပေါ့။ အခုတော့-
‘‘ကဲပါ မှုံရယ်၊ အဝတ်အစားသွားလဲ လိုက်နော်၊ မောင် ဧည့်ခန်းကစောင့်နေမယ်’’
မတတ်သာပြီ။ ကျွန်မ စိတ်မပါဘဲ အဝတ်အစားလဲလိုက်ပြီး ဧည့်ခန်းထဲသို့ ထွက်လာခဲ့သည်။
‘‘မောင့်ဇနီးက အတော်လှတာပဲ၊ မျက်နှာလေးပြုံးလိုက်ရင် ပိုပြီးတော့တောင် လှလာအုံးမယ်’’
ရှူးရှူးတူးတူးဖြစ်နေတဲ့ ကျွန်မကိုကြည့် ပြီး မောင်က စကားဆိုတော့ ကျွန်မပြုံးလိုက် မိသည်။
‘‘အဲလိုမှပေါ့၊ ကဲ သွားကြစို့’’
မောင့်လက်ကိုဆွဲကာ ကျွန်မ လိုက်ပါ လာသည်။ တပ်ခွဲရှိ စစ်သည်မိသားစုများနှင့် တပ်ရင်းခန်းမတွင် တွေ့ဆုံဖို့ရှိသည်ဟု မောင်ကပြောပြသည်။ မောင်နဲ့ကျွန်မ ခန်းမ တွင်းသို့ ဝင်လိုက်သည်နှင့် အားလုံးက မတ်တတ်ရပ်လိုက်ကာ ဆီးကြိုနှုတ်ဆက် ကြသည်။
‘‘ဆရာကြီး လူစုံပြီလား’’
‘‘ဟုတ်ကဲ့၊ စုံပါပြီ ဗိုလ်ကြီး’’
အစည်းအဝေးမစမီ မောင်က ကျွန်မနဲ့ တပ်ခွဲရှိစစ်သည်များနှင့် အိမ်ထောင်သည် ရဲမေများကို မိတ်ဆက်ပေးပါသည်။ တပ်ခွဲ အရာခံဗိုလ်၏ဇနီးကလည်း တပ်ခွဲရှိ အိမ် ထောင်သည်ရဲမေ တစ်ဦးချင်းအလိုက် မိတ် ဆက်ပေးပြန်သည်။ ပြီးနောက် အစည်း အဝေးကို စတင်လိုက်သည်။ တပ်ခွဲမှူးဖြစ် သည့် မောင်က စကားပြောရာမှာ တစ်ခါ တစ်ရံ အသံမာလိုက်၊ တစ်ခါတစ်ရံ ပြုံးလိုက်ဖြင့် မှာကြားနေသည်။
‘‘မကြာခင်မှာ ကျွန်တော်တို့ တပ်ရင်း လဲ စစ်ဆင်ရေးထွက်ရတော့မယ်၊ တပ်ခွဲမှူး တစ်ယောက်အနေနဲ့ မှာကြားချင်တာက တော့ ရဲမေများစည်းစည်းလုံးလုံးနဲ့ စည်းကမ်း တကျနေထိုင်ကြပါ၊ တပ်ခွဲစိုက်ခင်းကိုလဲ ယခုထက်မက တိုးတက်အောင် အားသွန် ခွန်စိုက်ကြိုးစားကြပါ၊ ရှေ့တန်းရောက်နေတဲ့ ခင်ပွန်းဆီကို စာရေးကြပါ၊ လစာပေးအဖွဲ့ တက်လာလို့ စာမရေးတဲ့ ရဲမေရှိခဲ့ရင် ကျွန်တော်ပြန်လာရင် အရေးယူမယ်၊ ဘာ သတင်းပို့စရာရှိလဲ’’
‘‘မရှိပါဘူး’’
‘‘ရှိပါတယ်’’
မရှိပါဘူးဆိုသည့်သံပြိုင်ကြားက ရှိပါ တယ်ဟူသော စကားသံ ကြားညှပ်ကာ ထွက်ပေါ်လာသည်။ ကျွန်မ လှမ်းကြည့်လိုက် သည်။ အဝတ်အစားခပ်နွမ်းနွမ်း၊ သနပ်ခါးပါး ကွက်ကျားဖြင့် ရဲမေတစ်ယောက်။ ခုနကပဲ မိတ်ဆက်ပေးသည်။ အင်း သြော် မှတ်မိပြီ။ မသန်းချစ်။ ကြည့်ရသည်မှာ သူလည်းကျွန်မ လိုပဲ ရဲမေဖြစ်သည်မှာ မကြာသေးဟန်ရှိ သည်။
‘‘ကျွန်မ စာမတတ်ပါဘူး၊ အဲဒါ ’’
မသန်းချစ် စကားဆုံးအောင်မပြောဘဲ ရှက်ရွံ့အားငယ်ဟန်ဖြင့် ခေါင်းငုံ့သွားသည်။
‘‘ကောင်းပြီ၊ လစာကြပ်မှတ်ထားပါ၊ ဒီတစ်ခါ တပ်ရင်းမှာ အသုံးလုံးကျေဖွင့်ရင် အဲဒီရဲမေကို စာရင်းပေးလိုက်ပါ၊ အဲလိုဆိုရင် လိုင်းခေါင်းဆောင်က အဲဒီရဲမေအတွက် စာကူရေးပေးလိုက်ပါ’’
မောင့်စကားဆုံးသည်နှင့် လိုင်း ခေါင်းဆောင်ဟူသော ရဲမေတစ်ယောက် မတ်တပ်ရပ်လိုက်သည်။
‘‘ဗိုလ်ကြီးရှင် ကျွန်မက သူ့ယောကျ်ား ကို…’’
‘‘ဟား ဟား’’
လိုင်းခေါင်းဆောင်ရဲမေ၏ စကားမဆုံးမီ အခြားစစ်သည်နှင့်ရဲမေများက ရယ်မောကြ သည်။ ကျွန်မလည်း ပြုံးလိုက်မိသည်။
‘‘မဟုတ်ဘူးလေဗျာ၊ ကျွန်တော် ပြောတာက သူပြောချင်တာကို ခင်ဗျားက စာချရေးပေးဖို့ ပြောတာ’’
‘‘သြော် ဟုတ်ကဲ့၊ ရှင်းပါပြီ ရှင့်’’
‘‘နောက် ဘယ်သူသတင်းပို့စရာရှိသ လဲ’’
မောင်က ထပ်မေးတော့ အားလုံးကမရှိ ပါဘူးဟုသာ သံပြိုင်ဆိုကြသည်။ သည့် နောက် တပ်ခွဲဆန္ဒဖော်ထုတ်ပွဲ ပြီးဆုံးသွား ခဲ့သည်။ သည်ဆန္ဒဖော်ထုတ်ပွဲက ကျွန်မ စိတ်ထဲတွင် တစ်မျိုးကြီးခံစားရသည်။ ပျော် လည်းပျော်မိသည်။ အားလုံးက မိသားစု သဖွယ်ဆိုရမည်လား။
မကြာ။ မောင်ရှေ့တန်းထွက်ရတော့မှာ မို့ ကျွန်မ မောင်လိုအပ်မည့် အဝတ်အစားများ ကို ရွေးချယ်ပေးသည်။
‘‘မှုံရယ်၊ တောထဲ တောင်ထဲမှာ တာဝန် ထမ်းဆောင်ရမှာ အဝတ်အစားတွေ အများ ကြီးမလိုပါဘူး၊ ကဲပါ မှုံထိုင်နေပါ၊ မောင်ပဲ လိုအပ်တာပြင်ဆင်ပါ့မယ်’’
ဟုတ်သည်။ ကျွန်မ ဘာမှမလုပ်တတ် သဖြင့် မောင့်အနီးမှာထိုင်ရင်း မောင်လုပ်ကိုင် နေသမျှကို ကြည့်ရုံမျှသာ။ သြော် မနက်ဖြန် ဆိုရင် မောင်စစ်ဆင်ရေးထွက်တော့မည် ဟူသောအသိစိတ်က ဝင်လာသဖြင့် အလိုလို အားငယ်နေမိသည်။
‘‘မောင်’’
‘‘ဘာလဲ မှုံ’’
ကျွန်မခေါ်သံကြောင့် မောင်က ပစ္စည်း တွေထည့်ရင်း လှမ်းကြည့်သည်။
‘‘ဟိုလေ၊ မောင်စစ်ဆင်ရေးထွက်သွား ရင် အိမ်မှာ မှုံတစ်ယောက်တည်းကျန်ခဲ့မှာ ဆိုတော့’’
‘‘အဲဒါ ဘာဖြစ်လဲ မှုံရဲ့’’
မောင်က သေတ္တာငယ်လေးထဲသို့ စာ ရွက်စာတမ်းများထည့်ရင်း ကျွန်မကိုမေးလိုက် ခြင်းပင်။
‘‘အဲဒါ မှုံ မေမေတို့ဆီ ခဏပြန်နေမယ် လေ’’
‘‘ဘာ’’
ကျယ်လောင်သည့် မောင့်ရဲ့အသံ ကြောင့် ကျွန်မလန့်သွားသည်။ မောင်မျက် နှာ ချက်ချင်းကျွန်မဘက်သို့ လှည့်လိုက် သည်။ ကျွန်မကို စူးစိုက်စွာကြည့်နေသော မောင့်မျက်နှာက တင်းမာခက်ထန်နေသည်။ ကျွန်မ အလိုလိုမျက်ရည်တို့ဝဲလာသည်။
‘‘ဟင်း’’
မောင့်ရဲ့ သက်ပြင်းချသံကို ကျွန်မကြား လိုက်ရသည်။
‘‘ဆောရီးပဲ မှုံ၊ မောင် တောင်းပန်ပါ တယ်’’
ပါးပြင်သို့ကျလာသော ကျွန်မရဲ့မျက် ရည်ကို မောင် တယုတယသုတ်ပေးနေ သည်။ မောင့်ရဲ့ ယုယမှုကို ခံစားရလေ ကျွန်မပို၍ ဝမ်းနည်းမိသဖြင့် ကျွန်မရှိုက်လိုက် မိသည်။
‘‘စစ်ဆင်ရေးသွားတော့မဲ့မောင့်ကို စိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့မှုံရယ်၊ တိတ်နော်၊ မောင် စိတ်လောသွားလို့ပါ၊ မောင့်ကို ပြုံးပြပါအုံးမှုံရယ် ’’
ဟုတ်တာပေါ့၊ မနက်ဖြန်ဆို မောင် စစ်ဆင်ရေးထွက်ရတော့မည်။ ကျွန်မမောင့် ကို စိတ်မဆင်းရဲစေချင်။ ကျွန်မအားတင်း ကာ ပြုံးပြလိုက်သည်။
‘‘ဒီလိုမှပေါ့ မှုံရယ်’’
ကျွန်မ မောင့်ရင်ခွင်ထဲသို့ တိုးဝင်လိုက် သည်။
‘‘မှုံ့ကို မောင်ပြောပြမယ်၊ မောင်တို့တပ် ရင်းမှာ တပ်ရင်းမှူးနဲ့ဇနီးဟာ တပ်ရင်းရဲ့ အမိအဖတွေဖြစ်သလို မောင်က တပ်ခွဲမှူး တစ်ယောက်ဆိုတော့ အစ်ကိုတစ်ယောက် ပေါ့၊ ပြီးတော့ မှုံက တပ်ခွဲမိသားစုရဲ့ အစ်မ တစ်ယောက်လေ၊ မဟုတ်ဘူးလား ’’
မောင့်ကို ကျွန်မမော့ကြည့်ကာ ခေါင်း ညိတ်ပြလိုက်သည်။
‘‘မောင်က စစ်ဆင်ရေးမှာဦးဆောင်ပြီး သူတို့တွေကို ဘေးမသီရန်မခအောင် စောင့် ရှောက်ဖို့က မောင့်ရဲ့တာဝန်ဖြစ်သလို မှုံက လဲ တပ်ခွဲမိသားစုကို အစ်မတစ်ယောက်လို စောင့်ရှောက်ရမှာပေါ့၊ သူတို့ကို မျက်ကွယ် ပြုထားရင် အစ်မတစ်ယောက် ဘယ်ပီသ တော့မလဲ၊ ဒါမှလဲ ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ ပါရမီဖြည့်ဖက်အမှန်ဖြစ်မှာ ပေါ့၊ မောင် စစ်ဆင်ရေးထွက်တဲ့အချိန် သူတို့ တွေနဲ့ အနီးကပ်နေကြည့်တဲ့အခါ မှုံ နားလည်လာမှာပါ’’
‘‘မှုံ ကြိုးစားပါ့မယ် မောင်’’ × × ×
မောင်စစ်ဆင်ရေးထွက်သွားသည်မှာ ဒီနေ့နဲ့ဆို တစ်ပတ်ပြည့်လေပြီ။ အိမ်ထဲတွင် မောင့်ဓာတ်ပုံကို ကြည့်ရင်း အလွမ်းဖြေရ ပြန်သည်။
‘‘အစ်မ’’
ခေါ်သံကြောင့် အိမ်ရှေ့သို့ ထွက်ကြည့် လိုက်သည်။ တပ်ခွဲကရဲမေများ။ ဘုရားရေ- သူတို့လက်ထဲတွင် ပေါက်ပြားတွေ၊ ဓားတွေ နဲ့။ အချို့က ရေပုံးဆွဲလျက်။ ရှေ့ဆုံးက တပ်ခွဲအရာခံဗိုလ်၏ဇနီး ဒေါ်အုန်းမြက ကျွန်မ ကိုပြုံးပြသည်။ ကျွန်မပြန်လည် ပြုံးပြရင်း-
‘‘လာ လာ၊ အထဲဝင်ကြလေ’’
‘‘မဝင်တော့ဘူး အစ်မ၊ ကျွန်မတို့ တပ်ခွဲစိုက်ခင်းသွားကြမလို့၊ အဲဒါ အစ်မကို လာခေါ်တာ’’
ဒေါ်အုန်းမြက ကျွန်မကို အစ်မတဲ့။ တကယ်တော့ ကျွန်မသည် ဒေါ်အုန်းမြထက် အသက်များစွာ ငယ်ပါသည်။ ကျွန်မက သူ့ သမီးအရွယ်သာ။
‘‘မောင်တို့တပ်ရင်းမှာ တပ်ရင်းမှူးနဲ့ ဇနီးဟာ တပ်ရင်းရဲ့ အမိအဖတွေဖြစ်သလို မောင်က တပ်ခွဲမှူး တစ်ယောက်ဆိုတော့ အစ်ကိုတစ်ယောက်ပေါ့၊ ပြီးတော့ မှုံက တပ်ခွဲမိသားစုမှာ အစ်မ တစ်ယောက်လေ၊ မဟုတ်ဘူးလား’’
ကျွန်မနားထဲတွင် မောင့်စကားတွေကို ကြားယောင်နေမိသည်။ သြော် အသက် ငယ်ပေမဲ့ ကျွန်မကို သူတို့အားလုံးက ‘‘အစ်မ’’တဲ့။ ဒါဆို ကျွန်မက အစ်မ တစ်ယောက်ရဲ့တာဝန်ကို ယူရတော့မှာပေါ့။
‘‘ဟုတ်လား၊ ဒါဆိုသွားကြတာပေါ့’’
တပ်ခွဲစိုက်ခင်းရောက်တော့ ပေါင်းနုတ် သူက နုတ်၊ ရေလောင်းသူက လောင်း၊ ပေါင်းတင်သူကတင် တက်ညီလက်ညီရှိကြ သည်။ တပ်ရင်းစိုက်ခင်းတွင် ကျွန်မ ပေါက်ပြားကိုင်တော့ တပ်ခွဲရဲမေများက ဝိုင်းတားမြစ်ကြသည်။ တပ်ခွဲစိုက်ခင်းက တစ်ဧကကျော်မည်ထင်သည်။ အရွင် အနောက် ဖောက်တတ်သည့် လိုင်း ခေါင်းဆောင် မနီနီအေးကြောင့် အားလုံး တသောသောရယ်ကြသည်။ အပျော်လေး များက ကျွန်မထံသို့ ကူးစက်လာကာ ကျွန်မ သည်လည်း ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော ပေါ့။
‘‘အစ်မ ကျွန်မ ရဲမေတွေကို ခြံထွက် သီးနှံတွေ ဝေပေးလိုက်တော့မယ်နော်’’
တပ်ခွဲတပ်ကြပ်ကြီး၏ဇနီး ဒေါ်တင်နွဲ့ရီ က ကျွန်မထံသို့ ခွင့်တောင်းနေသည်။
‘‘အဲဒီလို ဝေပေးသလား’’
‘‘ဟုတ်တယ် အစ်မ၊ တစ်ပတ်တစ်ကြိမ် တပ်ခွဲခြံထွက်သီးနှံတွေကို ဝေပေးတယ် လေ’’
ရဲမေအချို့ သီးနှံများကို ပွေ့ပိုက်လျက် ရောက်လာသည်။
‘‘အင်း အဲဒါဆို ဝေပေးလိုက်လေ’’
သည့်နောက် ဒေါ်တင်နွဲ့ရီ ဦးစီးကာ သီးနှံများကို မျှတစွာဝေပေးနေသည်။
‘‘ဒါ အစ်မအတွက် ’’
‘‘ဘုရားရေ’’
ကျွန်မ ဘုရားတလိုက်မိသည်။ သီးနှံ အစုံအလင် တစ်ပွေ့တစ်ပိုက်ကြီးပါလား။ ကျွန်မ အားလုံးကို မျက်လုံးဝေ့ကြည့်လိုက် သည်။ သူတို့အားလုံး၏ လက်ထဲတွင်လည်း တစ်ပွေ့တစ်ပိုက်ကြီးပင်။ ကျွန်မက တစ် ယောက်တည်းမို့ ကုန်မည်မဟုတ်။ သို့ ကြောင့် ဦးရေများသော မိသားစုကို မျှပေး လိုက်သည်။ သည့်အပြင် ကျွန်မဘေးတွင် သီးနှံပုံကြီးတစ်ပုံ။
‘‘ဒါက၊ ဘာလုပ်ဖို့ ချန်ထားတာလဲ’’
ကျွန်မ ထိုသီးနှံအပုံကြီးကို ညွန်းဆိုလိုက် သည်။
‘‘သြော် အဲဒါတွေက မနက်စျေးထဲမှာ ဖောက်သည်သွားသွင်းမှာလေ၊ ရောင်းရငွေ ကို တပ်ခွဲရန်ပုံငွေအဖြစ် လစာကြပ်က စာရင်းရေးဆွဲပြီး သိမ်းထားတယ် ’’
‘‘ဟုတ်တယ် အစ်မ၊ အဲဒီက ငွေတွေနဲ့ ဗိုလ်ကြီးက တပ်ခွဲမိသားစုကို နှစ်စဉ်ထောက် ပံ့ပေးတယ်လေ၊ တစ်ခါတစ်ခါထောက်ပံ့ရင် မနည်းဘူးရတယ်၊ ကျွန်မတို့အတွက် သီး ခြားအပိုဝင်ငွေပေါ့’’
ဒေါ်အုန်းမြနှင့် ဒေါ်တင်နွဲ့ရီတို့က ရှင်းပြ သည်။ ကျွန်မ မောင့်ကို ချက်ချင်းမြင် ယောင်မိသည်။ သြော် မောင်က တပ်ခွဲမှူး တစ်ယောက်ဖြစ်သလို အစ်ကိုကြီးပီသစွာ ဖြင့် အဖအရာပင် တာဝန်ယူထားပေသည်။ ကျွန်မသည်လည်း အစ်မတာဝန် ကျေရမည် ဟူသော အသိစိတ်နှင့်အတူ မသန်းချစ်ကို လှမ်းခေါ်လိုက်သည်။
‘‘မသန်းချစ်၊ ဒီနေ့ကစပြီး ညနေတိုင်း ကျွန်မဆီကိုလာခဲ့ပါ၊ ကျွန်မ စာသင်ပေးမယ်’’
မသန်းချစ် ကျွန်မကို တအံ့တသြကြည့် နေသည်။ မသန်းချစ်သာမက အားလုံး၏ အကြည့်က ကျွန်မဆီသို့ရောက်လာသည်။
‘‘ကျေးဇူးတင်ပါတယ် အစ်မ’’
မသန်းချစ်သည် တုန်ရီနေသောဝမ်းသာ သည့်အသံနှင့် ကျွန်မရှေ့တွင် ဆောင့်ကြောင့် ထိုင်လိုက်သည်။
‘‘အို မဟုတ်တာ မသန်းချစ်ရယ်၊ ကျွန်မက စေတနာနဲ့ပါ’’
ကျွန်မ မသန်းချစ်၏ ပခုံးကိုဆွဲမကာ မတ်တပ်ရပ်စေသည်။ ထိုနေ့မှစ၍ မသန်းချစ် ကို ကျွန်မ စာသင်တော့သည်။ မသန်းချစ် မှာ ဘဝပေးကံကြမ္မာကြောင့် စာမတတ်ခဲ့ သော်လည်းမှတ်ဉဏ်အင်မတန်ကောင်းသူ ဖြစ်သည်။
သို့ဖြင့် အပတ်စဉ် တပ်သာယာလှပရေး လုပ်ခြင်း၊ တပ်ခွဲလိုက် ပရိတ်ကြီး(၁၁)သုတ် ရွတ်ဖတ်သရဇထာယ်ခြင်း၊ နေ့စဉ် တပ်ခွဲ စိုက်ခင်းအား ပြုစုပျိုးထောင်ခြင်းနှင့် မသန်းချစ်အား စာသင်ကြားခြင်းတို့ဖြင့် အချိန်တို့ကုန်ဆုံးစေခဲ့သည်။ မိသားစု စိတ်ဓာတ်ဖြင့် စုပေါင်းဆောင်ရွက်ရခြင်း ကြောင့် ပျော်ရွင်စရာကောင်းလှပေသည်။
အားလပ်သည့်အချိန်များ၌ အိမ်နောက် တွင် စိုက်ပျိုးထားသော စိုက်ခင်းများကို ပြုစုသည်။ စိမ်းစိုနေသည့် အပင်များကို ကြည့်ရင်း ပီတိခံစားရပြန်သည်။ တစ်သက် လုံး စိတ်ချမ်းသာချင်လျှင် အပင်စိုက်ဆို သည့် ရှေးလူကြီးသူမတို့ရဲ့စကား တယ် လည်းမှန်ပါလား။ ထို့အပြင် တပ်မမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲအတွက် တပ်ရင်းမှူး၏ ဇနီး တာဝန်ပေးချက်အရ ကျွန်မဦးဆောင် ကာ နေ့စဉ်လေ့ကျင့်ကြသည်။ ကျွန်မသည် လည်း တက္ကသိုလ်တက်စဉ်က လက်ရွေးစင် တစ်ယောက်ဖြစ်ခဲ့သည်မို့ ရဲမေများအား စနစ်တကျသင်ကြား လေ့ကျင့်ပေးနိုင်ခဲ့ သည်။
ရက်မှလသို့ တရွေ့ရွေ့ ကူးပြောင်းလာ ခဲ့ပြီ။ မောင့်ကိုလွမ်းသောစိတ်တို့ကို တပ်ခွဲ မိသားစုအပေါ်စုပုံထားပြီး အစ်မတစ်ယောက် အဖြစ် ကြိုးစားခဲ့သည်။
မနက်ဖြန်ဆိုလျှင် မောင်ပြန်လာတော့ မည်။ ကျွန်မ ကောင်းကင်သို့မော့ကြည့် လိုက်သည်။ နေဝန်းကြီးက အနောက်ဘက် ဆီသို့ ယွန်းနေလေပြီ။ ညနေ(၅)နာရီ။
အပိုင်း(၂)အားဆက်လက်ဖော်ပြပါမည်—————