မလေးရှားမှာ အဖမ်းခံခဲ့ရတဲ့ နဂါးမယ်တော်နဲ့ ဖူးပွင့်ခိုင်

မြန်မာပြည်မှာ နဂါးမယ်တော်လို့ လူသိများတဲ့ အေမီဈန်နဲ့ ဖူးပွင့်ခိုင်တို့နှစ်ဦးဟာ မလေးရှားနိုင်ငံ၊ ပီနန်းပြည်နယ်၊ ဘာတာဝပ် မှာရှိတဲ့ Bar Club တစ်ခုမှာ သီချင်းဆိုဖျော်ဖြေနေစဉ် မလေးရှား လဝကရဲ့ အော်ပရာစီနဲ့တွေ့ပြီး အဖမ်းခံလိုက်ရတယ်လို့ မလေးရှားရောက် မြန်မာ အလုပ်သမားတွေဆီက သိရပါတယ်။

၎င်းတို့နှစ်ဦးဟာ အဲဒီ Bar Club မှာ ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၆ နာရီကနေ ၁၄ ရက်နေ့ မနက် ၅ နာရီအထိ သီဆိုဖျော်ဖြေပွဲ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဇန်နဝါရီ ၁၃ ညပိုင်းမှာပဲ အော်ပရာစီ စီမံချက်နဲ့ အဖမ်းခံလိုက်ရတာလို့ ဆိုပါတယ်။

❝ဒီမှာက အထောက်အထား အပြည့်စုံရှိရင်တောင် သရုပ်ပျက် အဝတ်အစားတွေ၊ Sexy Dance တွေကို လက်မခံဘူး။ သီချင်းဆိုတာလောက်ကိုတော့ ခွင့်ပေးတယ်။ အခုဟာက Sexy Dance တွေ အဝတ်စားတွေကြောင့် Hot ဖြစ်ပြီး ဝင်ဖမ်းတာဖြစ်မယ်ထင်တယ်။ ဆိုင်ပိုင်ရှင် ဖြေရှင်းတဲ့ အပေါ်မူတည်မှာပေါ့။ တော်တော်လေးတော့ ဖြေရှင်းရမယ်ထင်တယ်❞ လို့ မလေးရှားရောက် မြန်မာအလုပ်သမားတစ်ဦးက ပြောပြခဲ့တာပါ။

အဆိုပါ ဖမ်းဆီးမှုအတွင်းမှာ အ​ထောက်အထားမမှန်သူ​တွေသာမကဘဲ အထောက်အထား မှန်ကန်သူတွေကိုပါ ဖမ်းဆီးသွားတာဖြစ်ပြီး အဲဒီလူတွေကို လော်လီကား ၃ စီး​နဲ့ ဂျာဝီးစခန်းကို ခေါ်ဆောင်သွားကြတယ်လို့ သိရပေမယ့် နောက်ဆက်တွဲအခြေအနေတွေကိုတော့ မသိရသေးဘူးလို့ မြန်မာအလုပ်သမားတွေရဲ့ ပြောပြမှုအရ သိရပါတယ်။

𝙢𝙝𝙩𝙣𝙚𝙬𝙨