ဘန်ကောက်မြို့ ဈေးဝယ်စင်တာ ပစ်ခတ်မှုအတွင်းသေဆုံးသည့် မြန်မာအမျိုးသမီးရဲ့ နာရေးပြုလုပ်မည်

ဘန်ကောက်မြို့ ဈေးဝယ်စင်တာပစ်ခတ်မှုအတွင်းသေဆုံးခဲ့သည့် မြန်မာအမျိုးသမီးရဲ့ နာရေးကို အောက်တိုဘာ ၈ ရက်နေ့ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Siam Paragon ဈေးဝယ်စင်တာအတွင်း အောက်တိုဘာ ၃ရက်က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုမှာ ယင်းစင်တာရှိ Take Toys Co., Ltd. တွင် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား မမိုးမြင့်၊ အသက်(၃၁)နှစ်၊ သထုံမြို့ ဇာတိဖြစ်သူသည် ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးရုံအရောက်မှာပဲ ကွယ်လွန်ခဲ့တာ လည်း ဖြစ်ပါတယ်။

သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား မမိုးမြင့်ရဲ့ နာရေးကို အောက်တိုဘာ ၈ ရက် နေ့မှာ ဘန်ကောက်မြို့ရှိ Changwattana ဘုန်းကြီး ကျောင်းတွင် ကောင်းမွန်စွာ မီးသင်္ဂြိုလ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။

အဆိုပါ ဈေးဝယ်စင်တာ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူတွေအတွက် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ဝမ်းနည်းကြောင်း ပြောကြားထားပါသေးတယ်။