နှစ်စဉ် ပျားရည်တန်ချိန် ၂၀၀ ခန့် တင်ပို့လျက်ရှိ

မြန်မာ့ပျားရည်ကို ဂျပန် အပါအဝင် တရုတ်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံသို နှစ်စဉ် တန်ချိန် ၂၀၀ ခန့် တင်ပို့ နေရကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံဖြိုးရေးဌာနခွဲ(နေပြည်တော်)ကနေ သိရပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှ ဇီးပျားရည်၊ နေကြာပျားရည်၊ နှမ်းပျားရည်နှင့် ပန်းပေါင်းစုံပျားရည် တန်ချိန် ၃၀၀ ခန့်ထွက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ဇီးပျားရည်၊ နေကြာပျားရည်၊ နှမ်းပျားရည်နှင့် ပန်းပေါင်းစုံပျားရည်သည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မကွေးတိုင်းဒေသကြီးမှ အဓိကထွက်ရှိပြီး ပြည်တွင်း စားသုံးမှုမှာ နှစ်စဉ် တန်ချိန် ၁၀၀ ခန့်ရှိပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသဖြစ်သော ပျားမွေးမြူမှု အဓိက ဒေသဖြစ်တဲ့ မကွေးတိုင်းဒေသကြီးအတွင်း အစိုးရပိုင်ပျားမွေးမြူရေး စခန်းခြောက်ခုနှင့် ပုဂ္ဂလိက ပျားမွေးမြူသူ ၇၈ ဦးရှိပြီး ပျားအုံပေါင်း ၁၃,၀၀၀ ကျော် ရှိကာ ပျားရည်များကို နှစ်စဉ်ထုတ်လုပ်လျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ထုတ်လုပ်မှုအနေဖြင့် နှမ်း ပျားရည်နှင့် ဇီးပျားရည်သည် ၆၀ ရာခိုင်နှုန်း၊ ပန်းပေါင်းစုံပျားရည်သည် ၁၀ ရာခိုင်နှုန်း ထွက်ရှိပြီး ပြည်ပတင်ပိုမှုတွင် နေကြာပျားရည်သည် ဈေးနှုန်းအများဆုံး ရရှိနေပါတယ်။