နွားများကျန်းမာနေစေဖို့လိုက်နာရန်နည်းလမ်းများ

နွားမွေးမြူ‌ရေးခြံတွေသို့ ရောက်တဲ့အခါ ‌အများဆုံးမေးကြတာ‌ကတော့ နွားမွေးမြူ‌‌‌ရေးအောင်မြင်အောင် ဘယ်လို
လုပ်ဆောင်ရမလဲ ဆိုတာပဲဖြစ်ပါတယ်။
မိမိမွေးမြူထားသောနွားများ ရောဂါကင်းစင်ပြီး ကျန်းမာရေး ကောင်းမွန်နေမယ်ဆိုရင် ထုတ်လုပ်မှုနှင့်အကျိုးအမြတ် မြင့်မားစွာ
ရရှိမှာဖြစ်ပါတယ်။ ရောဂါဖြစ်ပွားခြင်းသည် မွေးမြူထုတ်လုပ်မှုနှင့် အကျိုးအမြတ်ရရှိရေးအပေါ်တွင် ကြီးစွာဆုံးရှုံးမှု ဖြစ်စေသော
အချက်ထဲမှာ ပါဝင်ပါတယ်။
ဒါကြောင့်မို့လို့ နွားများ ကျန်းမာနေစေဖို့ လိုက်နာသင့်တဲ့အချက်များကို ကူးယူဖော်ပြပေးလိုက်ပါတယ်။
(၁) ကျန်းမာရေးကောင်းမွန်ခြင်း မရှိသောနွားနှင့် ကျန်းမာ‌ရေး‌ကောင်းမွန်‌သောနွားကိုတိုက်ရိုက်‌သော်လည်းကောင်း၊
သွယ်ဝိုက်၍သော်လည်းကောင်း ထိတွေ့ခြင်းမဖြစ်အောင် စီစဉ်ထားရှိရမည်။
(၂) ဖျားနာနေသော နွားများရှိပါက ကျန်းမာရေးကောင်းမွန်သော နွားများထားရှိရာနေရာသို့ သယ်ဆောင်၊ သွားလာခြင်း
မပြုရပါ။
(၃) ဖျားနာ‌နေသောနွားများအတွက် လူနှင့်အသုံးအဆောင်ပစ္စည်းများကို သီးသန့်ထားရှိရမည်။
(၄) ဖျားနာနွားထားရှိသော ခြံနေရာကို ပိုးသတ်ဆေးဖြင့် စနစ်တကျ ပုံမှန်ပိုးသတ်ပေးရမည်။
(၅) ခြံတွင် နာတာရှည်ရောဂါဖြစ်ပွားနေသော နွားများရှိပါက ကျန်းမာသောနွားများနှင့် အတူမွေးမြူရန် မသင့်တော်သောကြောင့်
ခြံမှထုတ်ပယ်သင့်ပါသည်။
(၆) မွေးမြူထားသောနွားများ ရောဂါဖြစ်ပြီး သေဆုံးပါက မြေအောက် ၆-‌ ပေအနက်တွင် မြှုပ်နှံသင့်ပါသည်။
(၇) ရောဂါဖြစ်သော နွားခြံမှ ပြန်လာသော လူ၊ တိရစ္ဆာန်နှင့်ယာဥ်များ ကျန်းမာသောနွားများထားရှိရာ ခြံအတွင်းသို့ ဝင်ရောက်ခြင်းကို
တင်းကြပ်စွာ တားဆီးရပါမည်။
(၈) ခြံအတွင်း အသက်အရွယ် နှင့် ထုတ်လုပ်မှုအခြေအနေ‌‌ပေါ်မှုတည်ပြီး တစ်ကောင်အတွက် ထားရှိရမည့် နေရာအကျယ်အဝန်း
လုံလောက်ရမည်၊ ကျပ်တည်းစွာ ထားရှိခြင်း မပြုရပါ။
(၉) နွားငယ်၊ မဒန်းငယ်များကို အရွယ်ရောက်ပြီး နွားကြီးများနှင့် နီးကပ်စွာမထားသင့်ပါ။ တတ်နိုင်သမျှ ခွဲခြားထားခြင်း
(သို့မဟုတ်)သီးခြား‌နေရာပေးပြီး မွေးမြူရမည်။
(၁၀) ပြင်ပမှအသစ်ဝင်ရောက်မည့် နွားများကို ခြံတွင်းရှိနွားများနှင့်မရောပဲ စောင့်ကြည့်နေရာသီးသန့်ထားရှိပြီး၊ ၎င်းနေရာတွင်
ကာကွယ်ဆေးထိုးနှံခြင်း၊ သန်ချဆေးထိုးနှံခြင်း နှင့် ကျန်းမာရေး‌ကောင်းမွန်ခြင်း ရှိ၊မရှိကို တစ်လခန့် အချိန်ယူ စောင့်ကြည့်စစ်ဆေးရပါမည်။
(၁၁) ရောဂါများကို စောလျင်စွာသိရှိပြီး သေချာစွာကုသနိုင်ရန်အတွက် ကျွမ်းကျင်ဆရာဝန်နှင့် ပုံမှန်ပြသစစ်ဆေးရပါမည်။
ကာကွယ်ဆေး၊ သန်ချဆေးကို ပုံမှန်ထိုးနှံပေးရမည်။ သတိပြုရမည့်အချက်ကတော့ ကာကွယ်ဆေးကို ကျန်းမာရေးကောင်းမွန်သော
နွားများတွင်သာ ထိုးရမည်။ ဖျားနာနေသောနွားများကို မထိုးသင့်ပါ။
(၁၂) ရောဂါဖြစ်ပေါ်လျှင် ဆေးကုသမူ့ကို စနစ်တကျပေးရမည်။ ရောဂါနှင့် ကုသမှုမှတ်တမ်းများအား ထိမ်းသိမ်းထားရှိရမည်။
ကူးစက်ရောဂါဖြစ်ပွားနေခြင်း သံသယရှိပါက တိ-ကု ဆရာဝန်ထံ အမြန်ဆုံး အကြောင်းကြားပြီး အကြံဥာဏ်ရယူရမည်။
(၁၃) လိုအပ်တဲ့အချိန်မှာ မလိုအပ်တဲ့ ဆေးဝါးများကို မှားယွင်းသော ဆေးပမာဏတွက်ချက်မှုဖြင့် မိမိဘာသာ ထိုးနှံခြင်း၊
တိုက်‌ကျွေးခြင်းမျိုးကို ရှောင်ကြဉ်ရပါမည်။
(၁၄) ခြံအတွင်းနှင့်အပြင်ရှိ အညစ်အကြေးများ၊ နွားခန္ဓာကိုယ်မှထွက်တဲ့ မစင်၊ ဆီး၊ သွေးနှင့် အခြားအရည်များကို
ရောဂါပိုးများပါရှိရာ အဓိကအရင်းအမြစ်များအဖြစ် မှတ်ယူရမည်။ ပြင်ပကပ်ပါးကောင်များ (သန်း၊လှေး၊မွှား) နှိမ်နင်း-ထိန်းချူပ်ရေး
ကိုလည်း ပုံမှန်လုပ်ဆောင်ရပါမည်။
(၁၅) ဆေးဝါးအကြွင်းအကျန် ကင်းသော၊ ဘေးဥပဒ်ကင်းသော၊ နွား၏ကျန်းမာရေးနှင့်ထုတ်လုပ်မှု မထိခိုက်စေသော (အစာအမယ်များနှင့်
သောက်ရေ)ကို လုံလောက်စွာ ထားရှိပေးရမည်။ ကျွေးသောအစာပမာဏနှင့်အမျိုးအစားများသည် နွားအတွက်လိုအပ်နေ‌သော အာဟာရများ ပြည့်စုံလုံလောက်စွာ ပေးစွမ်းနိုင်စွမ်းရှိရမည်။
အထက်ပါအချက်တွေကတော့ နွားမွေးမြူရေးပညာရှင်များက နွားမွေးမြူရေးအောင်မြင်ဖို့အတွက် အလေးထားဆောင်ရွက်သင့်သော
အကြောင်းအရာများကို အကြံပြုမျှဝေပေးထားတာဖြစ်ပါတယ်။