နိုဝင်ဘာ ၂၂ ရက်နေ့မှုခင်းသတင်းများ

-နိုဝင်ဘာလ ၂၀ ရက် ၂၂၃၀ နာရီတွင် ကော့ကရိတ်မြို့တွင်းသို့ အကြမ်းဖက်အဖွဲ့သည် ဆင်ကုန်းကျေးရွာ သင်္ချိုင်းကုန်းဘက်မှ ၆၀ မမဖြင့် ၁ ချက် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ နေအိမ် ၁ လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ပေါ်တွင် အိပ်ပျော်နေသည့် ဦးထွန်းရင်(၇၅)နှစ်တွင် ဝဲပါးဗုံးစထိမှန်ဒဏ်ရာ၊ မောင်ဖြိုးမင်းခန့်(၁၇)နှစ်တွင် ဝမ်းဗိုက်ဗုံးစဖောက်ဝင်ဒဏ်ရာ တို့ဖြင့် သေဆုံးသွားခဲ့ပြီး မောင်ခန့်မိုးဦး(၂၃)နှစ်တွင် ယာပေါင်ဗုံးစရှပ်မှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၁ ရက် ၁၃၃၀ နာရီတွင် မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၊ ပိတောက်လမ်းနေ ဦးကြည်ဝင်း(၈၃)နှစ်၊ မှီခိုသည် နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် အကြမ်းဖက်သူ ၅ ဦးသည် လက်လုပ်သေနတ်(အတို) ၁ လက်၊ လက်လုပ် သေနတ်(အရှည်) ၄ လက်တို့အား ကိုင်ဆောင်၍ Mark-2 (အဖြူရောင်)ယာဉ်ဖြင့် ရောက်ရှိလာပြီး နေအိမ်အတွင်း ဝင်ရောက်လာကာ ဦးကြည်ဝင်းနှင့် မိသားစုဝင်များအား မှောက်ခိုင်းထားပြီး နေအိမ်အတွင်းရှိ လက်ကောက်(ရွှေ ၃ ကျပ်သားခန့်) ၁ ကွင်း၊ လက်စွပ်(ရွှေ ၅ မူးသား) ၁ ကွင်း၊ လက်စွပ်(၁ ကျပ်ခွဲသား) ၁ ကွင်း၊ စိန်လက်စွပ် ၁ ကွင်း၊ စိန်နားကပ် ၃ ရံ၊ ရွှေနားကပ် ၃ ရံ၊ ပလက်တီနန် ဆွဲကြိုး ၁ ကုံး၊ ရွှေဆွဲကြိုး ၃ ကုံး၊ ရွှေတုံး(၁ ကျပ်ခွဲသား) ၁ တုံး၊ လက်ကိုင်ဖုန်း ၄ လုံး၊ နာရီ ၁ လုံး၊ ငွေသား သိန်း ၁၀၀ ကျပ်ခန့်၊ Lettop ၁ လုံး၊ စုစုပေါင်းကာလတန်ဖိုး ၄၈၄ သိန်းကျပ်ခန့်တို့အား ဓားပြတိုက်ယူဆောင်ခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၁ ရက် ၀၇၅၅ နာရီတွင် ပျော်ဘွယ်မြို့နယ်၊ ယင်းတော်မင်းရွာနေ ဦးညီညီ(၃၃)နှစ်သည် ငွေပုလဲကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ်(၂၉၆/၁)၌ ပလတ်စတစ်ဘူးခွံကောက်နေစဉ် အကြမ်းဖက်သမား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၂ ချက်ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးညီညီတွင် ဝဲတင်ပါး ကျည်ဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် တဆရ(၁/၅၀၀)သို့ ပို့ဆောင်ထားရှိကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၁ ရက် ၁၃၀၀ နာရီတွင် KIA/PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များမှ သပိတ်ကျင်းမြို့နယ်အတွင်းရှိ အောင်စင်္ကြာ ဘုရားကုန်းနှင့် ဧရာဝတီမြစ်အနောက်ဘက်ကမ်းအား လက်နက်ကြီးများဖြင့် လည်းကောင်း၊   ၁၀၇  မမ ရှော့တိုက်ဒုံး ၅ လုံး တို့ဖြင့် လည်းကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ အကြမ်းဖက်အဖွဲ့များပစ်ခတ်မှုကြောင့် ဆိပ်ကမ်းရပ်ကွက်ရှိ ဦးညီညီမြင့်(၅၀)နှစ်၏ နေအိမ်(လူမနေ) ပေါ်သို့ ဗုံးသီး ၁ လုံးကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်အမိုး ပျက်စီးခဲ့ကြောင်းနှင့်  ကဘဲ့ရပ်ကွက်၊ ဘောလုံးကွင်း အနီးသို့ ဗုံးသီး ၂ လုံး၊ သရက်တောချောင်းအတွင်းသို့ ဗုံးသီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရ။