ဒေသတွင်းနိုင်ငံတွေထဲ တတိယအဆင့်နေရာမှာ ရပ်တည်နေတဲ့ တပ်မတော်(လေ)

မြန်မာနိုင်ငံရဲ့လေတပ်အင်အားဟာ ၂၀၂၄ ခုနှစ်အတွင်း အာဆီယံဒေသတွင်းနိုင်ငံတွေထဲ တတိယအဆင့်နေရာနဲ့ ကမ္ဘာ့အဆင့်မှာတော့ ၃၅ နေရာမှာ ရပ်တည်နေကြောင်း Seasia အဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

Seasia အဖွဲ့က ဖော်ပြထားတဲ့ စစ်တမ်းက Global Firepower က နှစ်စဉ် ထုတ်ပြန်တဲ့ စာရင်းကို အခြေခံထားတာဖြစ်ပြီး အဆိုပါစာရင်းထဲမှာ ကမ္ဘာ့လေတပ်အင်အားအကောင်းဆုံးနိုင်ငံကနေ အဆိုးဆုံးနိုင်ငံအထိ ဖော်ပြထားကာ ထည့်သွင်းစဉ်းစားထားတာတွေက တိုက်လေယာဉ်တွေ၊ လေ့ကျင့်ရေးလေယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေနဲ့ သီးသန့်ဗုံးကြဲလေယာဉ်တွေ စတာတွေ ပါဝင်ပြီး လက်ရှိမှာ တည်ဆောက်ဆဲ လေယာဉ်တွေနဲ့ မှာထားတဲ့ လေယာဉ်တွေကိုတော့ ထည့်သွင်းမစဉ်းစားဘူးလို့ သိရပါတယ်။

အာဆီယံဒေသတွင်းနိုင်ငံတွေအနက် ၂၀၂၄ ခုနှစ်အတွင်း လေတပ်အင်အားအကောင်းဆုံးနိုင်ငံက ထိုင်းနိုင်ငံဖြစ်ပြီး ကမ္ဘာ့အဆင့် ၂၄ နေရာမှာ ရပ်တည်နေကာ လေယာဉ်မျိုးစုံ ၅၀၁ စီးရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံအနောက်မှာ အင်ဒိုနီးရှားနိုင်ငံက အာဆီယံအတွင်း ဒုတိယအဆင့်နဲ့ ကမ္ဘာမှာတော့ အဆင့် ၂၅ ဖြစ်ကာ လေယာဉ်မျိုးစုံပေါင်း ၄၇၄ စီး ရှိပါတယ်။

အာဆီယံဒေသတွင်း တတိယအဆင့်မှာ ရပ်တည်နေတဲ့ မြန်မာ့လေတပ်အင်အားက ကမ္ဘာမှာတော့ အဆင့် ၃၅ ဖြစ်ကာ လေယာဉ်မျိုးစုံအစင်းပေါင်း ၂၉၃ စင်းရှိတယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။

အာဆီယံဒေသတွင်းနိုင်ငံတွေအနက် ကမ္ဘောဒီယားနိုင်ငံက လေတပ်အင်အားအနည်းဆုံးနိုင်ငံဖြစ်နေပြီး ကမ္ဘာ့အဆင့် ၁၁၁ ဖြစ်ကာ လေယာဉ်မျိုးစုံပေါင်း ၂၄ စင်းသာ ရှိတယ်လို့ သိရသလို ကမ္ဘာ့လေတပ်အင်အားအကောင်းဆုံးနိုင်ငံကတော့ အမေရိကန်ဖြစ်ပါတယ်။

crd/