ဒီဇင်ဘာ ၆ ရက်နေ့မှုခင်းသတင်းများ

-ဒီဇင်ဘာ ၅ ရက် ၀၉၃၀ နာရီတွင် ဘုရားသုံးဆူမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကံ့ကော်လမ်းသွယ်(၄)လမ်းနေ ဦးမြတ်ကျော် (၆၈)နှစ်၊ နှင့်ဇနီးဖြစ်သူ ဒေါ်အေးမြင့်(၅၂)နှစ်တို့သည် ၎င်းတို့၏ နေအိမ်တွင် နေထိုင်လျက် ရှိစဉ် အကြမ်းဖက်အဖွဲ့မှ အမျိုးသား ၂ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး နေအိမ်အတွင်း ဝင်ရောက်ကာ လက်နက်ငယ်ဖြင့် ၅ ချက်ခန့် ပစ်ခတ်၍ ပြန်လည်မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ဦးမြတ်ကျော်တွင် ဝဲလက်မောင်း လက်နက်ငယ် ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ရင်ညွန့်အောက် လက်နက်ငယ် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ မေးစေ့အောက်လက်နက်ငယ်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ဖြင့် သေဆုံးခဲ့ကြောင်းနှင့် ဒေါ်အေးမြင့် တွင် ယာပေါင်လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာ ၁ ချက် ရရှိခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၅ ရက် ၁၅၀၀ နာရီတွင် ကန့်ဘလူမြို့နယ်၊ ခင်သာကျေးရွာနေ ဇင်ကိုလတ်(၃၄)နှစ်အား ဝက်လက်မြို့နယ်၊ ဘုရားပျံကျေးရွာအနီး၌ PDF အကြမ်းဖက်အဖွဲ့မှ မေးမြန်းစရာရှိသည်ဟု ပြောဆို၍ ၁၃၃၀ နာရီတွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ယာဉ်နှင့် ခရီး သည်များအား ပြန်လည်လွှတ်ပေးခဲ့ပြီး ဇင်ကိုလတ်အား ဖမ်းဆီးထားရှိကြောင်း သိရှိရ။

-ဒီဇင်ဘာ ၅ ရက် ၁၀၀၀ နာရီတွင် မတ္တရာမြို့နယ်၊ သီလှကုန်းကျေးရွာနေ ဦးဇော်ထူး(၄၀)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်၍ အောက်တောင်ကိုင်းကျေးရွာအနီးသို့ အရောက်တွင် ဓားဖြင့်ခုတ်သတ်သွားခဲ့ရာ ဦးဇော်ထူးတွင် လည်ပင်း ပြတ်ထွက်ဒဏ်ရာ ၁ ချက်၊ နောက်ကျောထိုးသွင်းဒဏ်ရာ ၂ ချက်တို့ဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၅ ရက် ၁၁၃၀ နာရီတွင် မြင်းခြံမြို့နယ်၊ ဇလပ်ကုန်းကျေးရွာနေ ဦးသန်းဇော်(၄၇)နှစ်နှင့် ဒေါ်ညိုညိုစန်း (၅၀)နှစ်တို့ ၂ ဦးသည် ၎င်းတို့၏နေအိမ်အသီးသီး၌ ရှိနေစဉ် အကြမ်းဖက်အဖွဲ့ဝင် ကျား ၃ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးသန်းဇော်တွင် ဝဲနားထင်၊ လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာ၊ ဒေါ်ညိုညိုစန်းတွင် လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၅ ရက် ၂၀၀၀ နာရီတွင် စလင်းမြို့၊ မြင်တင်ရပ်ကွက်နေ သီရိရွှေဝါလမ်းရှိ Proximity Finance (နီးကပ် ချေးငွေလုပ်ငန်းခွဲ)မှ မန်နေဂျာ ဦးစည်သူထက်(၃၁)နှစ်၊ ပေါင်းနားရပ်ကွက်နေသူနှင့် ဝန်ထမ်း ၇ ဦးတို့သည် သရက်တောကျေးရွာအုပ်စု၊ လယ်သာကျေးရွာသို့ ချေးငွေယူထားသော တောင်သူများထံမှ ချေးငွေများ တောင်းယူပြီး ဆိုင်ကယ် ၇ စီးဖြင့် ပြန်လာစဉ် လယ်သာကျေးရွာအရှေ့တောင်ဘက် သရက်တော-စလင်း မြေသားကားလမ်းနေရာသို့အရောက်၌ PDF အကြမ်းဖက်အဖွဲ့မှ ခေါင်းဆောင်(စိစစ်ဆဲ)အင်အား ၁၀ ဦးခန့်မှ သေနတ် ၃ ချက်ခန့်ပစ်ဖောက်၍ ငွေကျပ်သိန်း ၁၉၀ ကျပ်နှင့် ဆိုင်ကယ် ၇ စီးတို့အား လုယက် ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၅ ရက် ၁၃၃၀ နာရီတွင် ဦးအောင်ဝင်း(၅၈)နှစ်၊ လှည်းကူးမြို့နယ်နေသူသည် ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စု၊ ငှက်ကြီးသိုက်ကျေးရွာရှိ ဖြူးချောင်း ဆည်ဘောင်မြေသားပြန်လည်ပြုပြင်နေမှုအား စစ်ဆေးခဲ့ပြီးနောက် ငှက်ကြီးသိုက်ကျေးရွာနေ ဦးဝင်းမြင့် ၏ နေအိမ်သို့ နေ့လယ်စာ စားသုံးရန် PARDO(အစိမ်းရောင်)ဖြင့် ထွက်ခွာလာခဲ့ပြီး ငှက်ကြီးသိုက်ကျေးရွာ ရွာလယ်လမ်းသို့ ရောက်ရှိစဉ် အကြမ်းဖက်သမား ၂ ဦးမှ ဆိုင်ကယ်ဖြင့် လိုက်ပါလာခဲ့ပြီးနောက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးအောင်ဝင်း တွင် ဝဲမေးစေ့အောက်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာနားအောက်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲချိုင်း အောက်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရှိရ။