ထွက်သက်ဆုံးသည့်တိုင်

အပိုင်း(၂)

“ကဲ – သူတို့လဲတောင်းပန်ပြီးပြီဆိုတော့ ညီမလဲကျေနပ်တော့ ဟုတ်ပြီလား”

ဗိုလ်ကြီးမျိုးမင်းသူက သူ့တပည့်နှစ်ယောက်ကို သီတာမိုးအား  တောင်းပန်ခိုင်းလိုက်ကာ ကျေနပ်စေလိုက်သည်။ သီတာမိုးကတော့ ကျေနပ်သည့်ပုံမပေါ်။ သူ့ကိုပြန်ခံပြောရဲသည့် စစ်သည်ဆိုလို့ တွေ့ဖူးခဲ့သည်မဟုတ်သောကြောင့်  အောင့်သက်သက်ဖြင့် ပြန်သွားရပုံပေါ်သည်။ တပ်ရင်းအရာခံ ဗိုလ်ကြီးကလည်း  သူ့သမီး၏အပြောအဆိုမတတ်မှုတွေအတွက် ပြန်လည်တောင်းပန်သွားသဖြင့် ထို   ပြဿနာက ဤမျှနှင့်ပင်ပြီးသွားတော့သည်။

တပည့်ကျော်အောင်ကိုမင်းကတော့  တပ်ခွဲမှူးရုံးခန်းကနေအထွက် “တော်တော်ကြီးကျယ်တဲ့ ဟာမလေး” ဟု  မကြားတကြား မှတ်ချက်ပြုသွားလိုက်သေးသည်။

+++++

“ဖွီး . . . တောက် . . . အကုန်သတ်ပစ်မယ်၊ ဘယ်ကောင့်မှ သောက်ဂရုမစိုက်ဘူး၊ ဖွီ…”

“ငါ့များ  ဘာမှတ်နေလဲ၊ သတ်မှာ၊ ငါက သတ်ပစ်မှာ ဖွီ…”

၂၀၁၄ ခုနှစ်က လဂျားယန်ဒေသရှိ  လိုင်ဇာအဝင်ဝစခန်းတွင် နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင် နေစဉ်  ဗိုလ်ကြီးမျိုးမင်းသူမှာ ကချင်ငှက်ဖျားဒဏ်ကို အလူးအလဲခံစားနေရချိန်ဖြစ်သည်။ ၁၀ ရက်ခန့် အစာမစားနိုင်၊ ရေမသောက်နိုင်ဘဲ အရည်များအန်ကာ ငှက်ဖျားဒဏ်ကြောင့် ဘန်ကာထဲရှိ ခုတင်ပေါ်တွင် မှိန်းနေစဉ်တစ်ည  သူ့ဘန်ကာခေါင်းရင်းတွင် ကင်းစောင့်နေသော ကင်းသမားထံက မကျေမနပ်ဆဲဆို ရေရွတ်သံ၊ ကြိမ်းဝါးသံများ ကြားလိုက်ရသည်။ အသံကြားလိုက်သည်နှင့် မည်သူ့အသံဆိုသည်ကို စဉ်းစားစရာမလို၊ ဘယ်သူဘယ်ဝါမှန်း တန်းသိလိုက်သော်လည်း “ဘာဖြစ်နေတာလဲကွ” ဟု လှမ်းမေးရန်ပင် အားအင်ကမရှိ။ သူ အားတင်းပြီး ခွန်အားရှိသရွေ့ တိုးလျစွာအော်လိုက်သည်။

“ကင်းသမား”

“ရှိ ဗိုလ်ကြီး”

သည်လောက်နွမ်းလျသောခေါ်သံကို စစ်သားပီပီ ပါးနပ်စွာကြားကာ  ပြန်၍ထူးလည်းထူး ဘန်ကာထဲကိုပါဝင်လာပြီး –

“ဘာလုပ်ပေးရမလဲ ဗိုလ်ကြီး၊ သက်သာလား၊ နှိပ်ပေးရမလား၊ ဘာစားမလဲ” စသည်ဖြင့် လားပေါင်း၊ လဲပေါင်းများစွာဖြင့် မေးတော့သည်။

သူက လက်ကာပြလိုက်ပြီး-

“ရတယ် ရတယ်၊ မင်းဘာလို့ ငါ့ခေါင်းရင်းမှာ ဆဲဆိုပြီး တောက်ခေါက်နေတာလဲ သိချင်လို့ခေါ်မေး တာ” ဟုပြောတော့  သူ့အမေးစကားပင်မဆုံးလိုက် –

“ဟာ – ဗိုလ်ကြီးကလဲ ဘယ်ကလာ ကျွန်တော်ဆဲရမလဲ၊ မဆဲပါဘူး၊ ဗိုလ်ကြီးနားကြားလွဲတာနေ မှာပါဗျာ” တဲ့။

သည်လိုဆိုလာတော့လည်း ငှက်ကိုက်ခံနေရသောဗိုလ်ကြီးခမျာ ဘာမှပြန်မပြောနိုင်။ ခပ်ဝေးဝေး တွင် ကင်းသွားစောင့်ရန်သာပြောပြီး ပြန်လွှတ်လိုက်ရတော့သည်။

ထိုကင်းသမားက အခြားမဟုတ်၊ ညနေက စခန်းအောက်သို့ ဈေးဆင်းဝယ်ချိန်  ယမကာခိုးသောက် လာသည့် ဇာတ်လိုက်ကျော်  အောင်ကိုမင်း။

+++++

“ဖြောင်း”

“. . .”

“တော်တော့၊ တော်တော့ ဆရာကြီးအေးသောင်း ဘာဖြစ်လို့လဲ”

နံနက်ခင်းတန်းစီချိန် တပ်ရေးဗိုလ်ကြီးထံ တန်းမအပ်ခင် သက်ဆိုင်ရာတပ်ခွဲတပ်ကြပ်ကြီးများက တပ်ခွဲအလိုက်လူစစ်နေကြစဉ် အမှတ်(၃)တပ်ခွဲရှိ တပ်ခွဲတပ်ကြပ်ကြီးအေးသောင်းမှာ အလွန်စိတ်ဆိုးကာ တပ်သားအောင်ကိုမင်းကို ဇက်ပိုးအုပ်လိုက်သည်။ ဤသည်ကိုမြင်လိုက်သော အမှတ်(၃) တပ်ခွဲမှူး ဗိုလ်ကြီးမျိုးမင်းသူက သူ့တပ်ခွဲဆီ အလျင်အမြန်သွားကာ အခြေအနေကို  တားဆီးလိုက်သည်။

“ဘာဖြစ်ရမလဲ  ဗိုလ်ကြီးရ၊  တန်းစီလာတာလဲ  နောက်ကျသေးတယ်၊ မနက်စောစောစီးစီးလဲ သောက်ထားတာ မူးပေနံစော်နေတာပဲ၊ အဲဒါနဲ့ ကျွန်တော် စိတ်တအားတိုလို့ ရိုက်လိုက်တာပါ”

အောင်ကိုမင်းကိုကြည့်လိုက်တော့ ဟုတ်လည်းဟုတ်သည်။ လူက ရှေ့ငိုက်မလို၊ နောက်လန်မလိုဖြင့် မနည်းကျားကန်ထားရသည့်ပုံ။ ခြေထောက်နှစ်ဖက်အပြင် နောက်ထပ်အပိုတစ်ဖက်ပါလျှင်ပင် ဒီထက်သောက်ပြီး  သုံးချောင်းထောက်ကာ ရပ်တည်ထားမည့်ပုံဖြစ်သည်။ သို့သော် သတိဆွဲလျက် အနေအထားကားမပျက်။

အောင်ကိုမင်းမှာ တပ်ခွဲ(၃) သို့ စရောက်လာကတည်းက သည်လိုပုံစံပင်ဖြစ်သည်။ အရက်ကို  ရေငတ်နေသူ ရေသောက်သလိုသောက်သည်။ ရေငတ်သူရေသောက်လျှင်ပင် ရေငတ်ပြေသွားမည် ဖြစ်သော်လည်း သူကား အရက်ငတ်ပြေမည့်ပုံမရှိ။ မိုးလင်းကတည်းက  စသောက်သည်မှာ မိုးချုပ်သည် အထိဖြစ်သည်။ ဆရာကြီးများက ဆုံးမသော်လည်း ခဏသာခံသည်။ ပြီးလျှင် ဒုံရင်းသာ ပြန်ရောက်သွား တတ်သည်။

တပ်ခွဲမှူးကိုတော့ ဒီကောင် လေးစား၏။ တစ်ခွန်းပြောလိုက်သည်နှင့် လိုက်နာတတ်သည်။  ဒါကလဲ  ရဲဘော်သစ်ဘဝကတည်းက အတူနေခဲ့သည့် သံယောဇဉ်နှင့် ချစ်ခင်မှုကြောင့်သာလျှင်ဖြစ်ပေမည်။ မူးကြောင် မူးကြောင်ဖြင့် တန်းလာစီ၊ ဆရာကြီးများ၊ စီနီယာများက သည်းမခံနိုင်တော့ လက်ပါပြီး ဆုံးမကြ။ အဲဒီလိုဆုံးမတော့လည်း သတိဆွဲလျက် ငြိမ်ခံပြန်သည်။ ကိုယ်အမူအရာ၊ နှုတ်အမူအရာအားဖြင့် လုံးဝပြန်လှန်စော်ကားမှုမပြု။ အောင်ကိုမင်းက တစ်ခုတော့   အမြဲပြောတတ်သည်။

“ကျွန်တော်ဘယ်လောက်မူးမူး အခုချိန် ရှေ့တန်းထွက်မယ်ဆို အသင့်ပဲနော်၊ ဘယ်အချိန်တန်းစီ မလဲသာပြောလိုက် မရောက်ရောက်အောင်လာခဲ့မယ်” တဲ့။

သူပြောနေကျစကား ဒါပဲဖြစ်သည်။ အောင်ကိုမင်း၏စိတ်နေစိတ်ထား၊ ပုံစံကိုသိသောတပ်ခွဲမှူးက ချော့တစ်ခါ၊ ခြောက်တစ်လှည့်ဖြင့် အရက်က လူကိုနိုင်မသွားအောင် ထိန်းပေးနေရသည်။ အခု ဆရာကြီးအေးသောင်း  ရိုက်လိုက်သည်ကလည်း အလွန်မဟုတ်။ သူပင် တော်တော်စိတ်တိုသွားပြီး ဆဲမိသည်။

“ငါ . . .၊ အောင်ကိုမင်း နောက်နေ့ တာဝန်ချိန် မူးရဲမူးကြည့်၊ မင်း ငါ့လက်သီးကြည့်ထား၊ ငါ့ အကြောင်း မင်းသိတယ်နော်”

“ဟုတ် ဗိုလ်ရီး”

တပ်ခွဲမှူးက စကားအများကြီးသိပ်ပြောသူမဟုတ်ဘဲ လက်တွေ့သမားမှန်း အောင်ကိုမင်းသိတော့ ငြိမ်သက်ကာ ခေါင်းငုံ့လျက်။

“ဟေ့ကောင် မင်းပါးစပ်က သွေးတွေထွက်နေပါလား၊ ပါးစပ် ဟစမ်း”

ဗိုလ်ကြီးမျိုးမင်းသူက ပါးစပ်ဟခိုင်းတော့ ထော်နေသောနှုတ်ခမ်းနှစ်လွှာကိုဟလိုက်သည့် အောင်ကို မင်းပါးစပ်ထဲတွင်  ရှေ့သွားနှစ်ချောင်းမရှိတော့။ တပ်ခွဲမှူးက ဆရာကြီးအေးသောင်းကိုလှည့်ကြည့်လိုက်ရာ တပ်ခွဲတပ်ကြပ်ကြီးခမျာ ချွေးပျံလာတော့သည်။

“ဒရိုပါ ဗိုလ်ရီး၊ ချွန်ဒေါ် တန်းစီနောက်ကျရို့ ကျေးလာရင်း ငါးဂန်ဘေးက သစ်မြစ်ကိုတိုက်မိပြီး မှောက်လဲရို့ ရှဲကျွတ်တွားတာပါ” ဟု အောင်ကိုမင်းက ဝင်ပြောမှ တပ်ခွဲတပ်ကြပ်ကြီးခမျာ ပြုံးနိုင်လေ တော့သည်။

+++++

“ဒုန်း . . . ဒုန်း”

“ဂျိမ်း . . . ဂျိမ်း”

“ဖောင်း . . . ဖောင်း . . . ဖောင်း”

ပွိုင့် (၁၁၀၃) ဂီဒုန် ပင်မစခန်းနှင့် ရန်သူ့အုပ်ချုပ်ထောက်ပံ့မှုပြုလုပ်ရာ လိပ်ပြာကုန်းစခန်းတို့အကြား ဖြတ်တောက်ပိတ်ဆို့ရေးအဖွဲ့နှင့်ရန်သူတို့ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားနေကြသံမှာ ဆူညံပွက်လောရိုက် လျက်။ ဖြတ်တောက်ရေးအဖွဲ့ကိုဦးစီးသည့် ဒုတိယတပ်ရင်းမှူးစစ်ကြောင်းကလည်း အပြင်းအထန်ခုခံရင်း ရန်သူ၏နှစ်ဖက်ညှပ် တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနေရသည်။

ဖြတ်တောက်ရေးအဖွဲ့မှာ အချိန်ကြာလာသည်နှင့်အမျှ အုပ်ချုပ်မှုကိစ္စခက်ခဲလာ၍ ဗိုလ်ကြီးမျိုးမင်း သူတို့၏ ပင်မစခန်းတိုက်ခိုက်ရေးအဖွဲ့ထံ ပြန်လည်ပူးပေါင်းလာကြချိန် ထိုစစ်ကြောင်းနှင့်ထုတ်နုတ် အဖြစ်ပါသွားသည့် တပည့်ကျော်အောင်ကိုမင်းမှာ ရန်သူ့သေနတ်ကိုလွယ်လျက် သူ့တပ်ခွဲမှူးဆီသတင်း လာပို့ရှာသည်။

“ရိက္ခာတွေသယ်ပြီး အတန်းလိုက်တက်လာတာဗျာ၊ ကလေးတွေပါပါတယ်၊  ကျွန်တော်လဲ ကလေးတွေတော့ရှောင်ပြီးပစ်လိုက်တာပဲ၊ ဒါပေမဲ့ အဲဒီကလေးမှာလဲ သေနတ်နဲ့ဗျ၊ အဲဒီမှာကျကုန်တာပဲ၊ ကျွန်တော်က သေနတ်ကို အတင်းပြေးဆွဲတော့ ဒီတစ်လက်ပဲရခဲ့တာ၊ ရိက္ခာထုပ်နဲ့ နောက်ထပ်တစ်လက် ကိုတက်ဆွဲတာ ဟိုဘက်က တအားဖိပစ်နေလို့ မရခဲ့ဘူးဗိုလ်ကြီးရာ”

တပည့်ကျော်၏ အားတက်သရောပြောနေပုံက တပ်ရင်းဌာနချုပ်က အောင်ကိုမင်းမဟုတ်မှန်းသိသာ သည်။ ဒါ တိုက်ပွဲထဲကတိုက်ရဲသည့် အောင်ကိုမင်းပင်ဖြစ်သည်။

“ထားလိုက်ပါကွာ၊ မရလဲ ဘာဖြစ်လဲ၊ ဟေ့ကောင် ငါဘာလက်နက်မှလဲ မလိုချင်ဘူး၊ မင်းတို့ အကုန်ပြန်လာနိုင်တာပဲ လိုချင်တာ၊ အခု မင်း ငါ့ဆီပြန်ရောက်လာပြီ မဟုတ်လား၊ ငါကျေနပ်တယ်”

သူ့တပ်ခွဲမှူးအပြောကြောင့် ကျေနပ်စွာ ပြန်ပြုံးပြလိုက်သည့် အောင်ကိုမင်းအပြုံးက ရှေ့သွား နှစ်ချောင်းမရှိသော်လည်း အလွန်လှသည့်အပြုံးဖြစ်သည်။

+++++

“ရတော့မယ်ဟေ့၊ တက်ကွ – တက်”

“ကျား”

“ဂျိမ်း . . . ဂျိမ်း . . .”

ဂီဒုန်စခန်းသိမ်းတိုက်ပွဲကား ပြင်းထန်လွန်းလှပြီး ရန်သူ့အင်အားက အဆမတန်သာလွန်စွာဖြင့် အခိုင် အမာခံစစ်ဆင်ထားခြင်းလည်းဖြစ်သည်။ ဗိုလ်ကြီးမျိုးမင်းသူတို့ ပွိုင့်တပ်ခွဲက စခန်းခြံစည်းရိုးနားရောက် သည်အထိ ချဉ်းကပ်နိုင်ခဲ့သော်လည်း ရန်သူ၏အပြင်းအထန်ခုခံမှုကြောင့် ဒဏ်ရာရသူများပြားလာပြီး ထပ်တိုးမရတော့။

“တောက် . . . ရခါနီးမှကွာ”

အောင်ကိုမင်းက  မကျေမချမ်းရေရွတ်ကာ  သူကိုင်သည့် MA-2 ဖြင့် အတွဲလိုက်တက်ပစ်သည်။ ရန်သူတို့ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များ ဖောဖောသီသီသုံး၍ သူတို့တပ်ခွဲကို ပြန်လည်ခုခံ သည်။ တက်လမ်းကလည်း ကျဉ်းမြောင်းလှပြီး ပုံသေပစ်ကြောင်းဆင်ထားသောကြောင့် မည်သို့မျှဆက် တက်၍မရတော့။ ဒဏ်ရာရသူများမှာလည်း တဖြည်းဖြည်းများပြားလာလေပြီ။ ထို့ကြောင့် ဒဏ်ရာရ လူနာများကိုသယ်ဆောင်၍ လုံခြုံသည့်နေရာသို့ အနည်းငယ်ဆုတ်ကြရတော့သည်။

လူနာသယ်သည့်အဖွဲ့ကို ကာပစ်ပစ်ထားပေးရင်း နောက်တွင်ကျန်ခဲ့သည့် အောင်ကိုမင်းပါဝင်သော ဖြတ်တောက်ရေးအဖွဲ့၏လက်ချက်ဖြင့် ရန်သူ ၁၀ ဦးခန့် မှောက်ကျန်ခဲ့သည်ကလည်း အောင်မြင်မှုတစ်ခုပင် ဖြစ်သည်။

နောက်တစ်နေ့မနက်တွင် ထပ်မံတိုက်စစ်ဆင်ကြရာ ရန်သူ့စခန်းခြံစည်းရိုးကို ချိုးဖျက်ဝင်ရောက် နိုင်ခဲ့ပြီး ကတုတ်ကျင်းအချို့ကိုပင် သိမ်းပိုက်ထားနိုင်နေပြီဖြစ်သည်။ ရန်သူတို့က ဆုတ်ခွာပေးလိုက်ရသော အချို့ကတုတ်ကျင်းများထဲတွင်  မြေကြီးအတွင်းသို့ လွယ်ကူလျင်မြန်စွာ ထိုးစိုက်အသက် သွင်းနိုင်သည့် နင်းမိုင်းအသေးစားများကို ထောင်ထားခဲ့ကြသည်။

ထိုမိုင်းများက နင်းမိသည့်ခြေထောက်ကို  ပြတ်ထွက်သွားလောက်အောင် အလွန်အားမပြင်း သော်လည်း ခြေထိပ်ဖြင့်နင်းမိပါက ခြေချောင်းများအားလုံးကိုပြတ်ထွက်သွားစေပြီး ခြေဖနောင့်ဖြင့် နင်းမိပါက ခြေဖနောင့်တစ်ဝိုက်ပွင့် ထွက်သွားစေတတ်သည်။  စစ်သည်များမှာ ထိုမိုင်းများကိုသတိပြုနေ ရသည်က တစ်မျိုး၊ စခန်းကုန်းကို သိမ်းပိုက်နိုင်ရန် ပစ်ခတ်တိုက်ခိုက်နေရသည်က တစ်မျိုးတို့ကြောင့် ခရီးမတွင်ဘဲဖြစ်နေကြသည်။

“အောင်ကိုမင်း တအားစွတ်မတက်နဲ့၊ အောက်ကိုသေချာကြည့်အုံး”

တပ်ခွဲမှူးဖြစ်သူ၏ သတိပေးစကားက နောက်ကျသွားချေလေပြီ။ သူ့ MA-2 သေနတ်ဖြင့် ရန်သူ့ ဘန်ကာတစ်လုံးဆီအဆက်မပြတ်ပစ်ရင်း တက်သွားသောအောင်ကိုမင်းမှာ ရန်သူ့မိုင်းတစ်လုံးကိုနင်းမိပြီး လန်ကျသွားတော့သည်။

“ဖောင်း”

“ဟာ ကွာ”

တပ်ခွဲမှူးက မကျေမချမ်းရေရွတ်ရင်း အောင်ကိုမင်းရှိရာဆီ တက်သွားသည့်အခါ အောင်ကိုမင်းမှာ ခြေထောက်အကောင်းတစ်ဖက်ကိုအားပြုကာ ကုန်းရုန်းထပြီး ရန်သူ့ဘန်ကာဆီသို့သာ အဆက်မပြတ် ပစ်ခတ်လျက်ရှိနေသည်ကို တွေ့လိုက်ရတော့သည်။

ထိုစခန်းသိမ်းတိုက်ပွဲအတွင်းမှာပင် အောင်ကိုမင်း၏ကျားကန်အားပြုစရာ အဖော်မွန်တစ်ဖက်ကို စွန့်လွှတ်ခဲ့လိုက်ရသည်။ သို့သော် အပြုံးမပျက်။ တပ်ခွဲမှူး၏ အားပေးစကားတစ်ခွန်းက အောင်ကိုမင်း ရင်ထဲတွင်စွဲထင်လျက်ရှိသည်။ ထိုစကားက –

“ခြေထောက်တစ်ဖက်မရှိတာနဲ့ အားငယ်စရာမလိုဘူး၊ ငါတို့မှာ တန်ဖိုးအထားရဆုံး အသက်ရှိ သေးတယ်၊ အသက်ရှင်နေရင် ဘာမဆိုဖြစ်ခွင့်ရှိတယ်၊ စိတ်ဓာတ်မကျနဲ့” တဲ့။

မမူးလျှင် စကားသိပ်မပြောသော တပည့်ကျော်အောင်ကိုမင်းက သူ့တပ်ခွဲမှူးစကားကိုကြားတော့ တစ်ခွန်းတည်းသောစကားကို ဖြည်းဖြည်းလေးလေးကြီး ပြောချလိုက်သည်။

“ဘာမဆိုဖြစ်ခွင့်ရှိမယ်ဆိုရင်တောင် ကျွန်တော်တိုက်ပွဲထဲမှာ တာဝန်ကျေတဲ့သူပဲဖြစ်ချင်တယ်”

***************************

အပိုင်း(၃) ဆက်ရန်