တူနီးရှားနိုင်ငံမှာ မိုးခေါင်ရေရှားမှုကြောင့် ရေပေးဝေမှုဖြတ်တောက်မှုများ ပြုလုပ်

တူနီးရှားနိုင်ငံမှာ စံချိန်တင် အဆိုးရွားဆုံး မိုးခေါင်မှုကို တုံ့ပြန်တဲ့ အနေနဲ့ နိုင်ငံသားများအတွက် တစ်ညလျှင် ရေပေးဝေမှု (၇)နာရီ ဖြတ်တောက်မည်ဖြစ်ကြောင်း နိုင်ငံပိုင် ရေဖြန့်ဖြူးရေးကုမ္ပဏီ SONEDE က ပြောကြားခဲ့ပါတယ်။

မိုးခေါင်ရေရှားမှုဒဏ်ခံနေရတဲ့ နိုင်ငံဟာ နွေရာသီအတွက် ရေလို အပ်ချက်ကို ချိန်ညှိထားတာကြောင့် ရေအသုံးပြုမှုအပေါ် တင်းကြပ်သော ကန့်သတ်ချက်များ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ လယ်ယာမြေ သို့မဟုတ် စိမ်းလန်းသော နေရာများမှာ စိုက်ပျိုးရေး ပြုလုပ်ဖို့ သို့မဟုတ် အများသူငှာနေရာများ သို့မဟုတ် ကားများ သန့်ရှင်းရေးအတွက် ရေအသုံးပြုခြင်းကို တားမြစ်ထားပါတယ်။

SONEDE က သောကြာနေ့(မတ်လ ၃၁ ရက်)မှစတင်ကာ နေ့စဉ် ရေကို ည ၉ နာရီမှ နံနက် ၄ နာရီအထိ နေ့စဉ်ဖြတ်တောက်မည်ဖြစ်ပြီး ချက်ချင်းအကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ကာ လေးနှစ်ဆက်တိုက် မိုးခေါင်ရေရှားမှုကြောင့် နိုင်ငံအတွင်း မကြုံစဖူးဖြစ်တဲ့ ယင်း ဆုံးဖြတ်ချက်ကို နားလည်ပေးရန် တူနီးရှားပြည်သူကို တောင်းဆိုထားပါတယ်။

“နှစ်ပေါင်းများစွာ မိုးခေါင်ရေရှားမှုနဲ့ ရေလှောင်ကန်တွေဆီ ရေစီးဆင်းမှုနည်းလာခြင်းက နိုင်ငံရဲ့ ရေသိုလှောင်မှုကို ထိခိုက်ခဲ့ပြီး၊ မကြုံစဖူး အခြေအနေတစ်ခုအထိ ရောက်သွားခဲ့တယ်” လို့ ဝန်ကြီး ဌာနက ပြောကြားခဲ့ပါတယ်။

ဆုံးဖြတ်ချက်အသစ်ဟာ ဆင်းရဲနွမ်းပါးသော ပြည်သူ့ဝန်ဆောင်မှုများ၊ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေးအားနည်းမှုများ ခံစားနေရတဲ့ နိုင်ငံမှာ စားနပ်ရိက္ခာအတွက် ခြိမ်းခြောက်မှုကို ပိုတိုးစေခဲ့ပါတယ်။ မြောက်အာဖရိကနိုင်ငံရဲ့ ရေကာတာတွေဟာ နှစ်ပေါင်းများစွာ မိုးခေါင်ပြီးနောက် ရေအနိမ့်ဆုံး အဆင့်သို့ရောက်ရှိနေပြီး ပိုက်လိုင်းယိုစိမ့်မှုကြောင့် ဖြန့်ဖြူးရေးကွန်ရက်ကို ပိုမိုဆိုးရွားလာစေခဲ့ပါတယ်။ တူနီးရှားဟာ ၎င်းရဲ့ ရေကာတာ ပမာဏ ခန့်မှန်းခြေ ကုဗမီတာ တစ်ဘီလျံ သို့မဟုတ် ၃ဝ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန အကြီးတန်း အရာရှိ ဟာမာဒီဟာဘစ်က ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် လာမည့်ရာသီအတွက် သီးနှံများနဲ့ပတ်သက်ပြီး စိုးရိမ်မှုများရှိကြောင်း တောင်သူလယ်သမားသမဂ္ဂများက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မိုးခေါင်ရေရှားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစပါး ရိတ်သိမ်းမှု ညံ့ဖျင်းခြင်းဟာ ပြီးခဲ့တဲ့နှစ်အစောပိုင်းက ယူကရိန်းကို ရုရှားကျူးကျော်မှုနောက်ပိုင်း နိုင်ငံတ ကာဂျုံဈေးများ တဟုန်ထိုးတက်နေတဲ့အတွက် တူနီးရှားရဲ့ ဂျုံမှုန့်အလုံအလောက် ဝယ်ယူနိုင်စွမ်းကိုလည်း နိမ့်ကျစေကာစားနပ် ရိက္ခာပြဿနာများကို ထပ်တိုးစေမည်ဖြစ်ပါတယ်။ တူနီးရှား စိုက်ပျိုးရေးနဲ့ ငါးလုပ်ငန်းအဖွဲ့ချုပ်က မိုးရွာသွန်းမှု မရှိခြင်းကြောင့် လယ်မြေ ဟက်တာထောင်နဲ့ချီ ပလပ်သွားနိုင်တဲ့ အန္တရာယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

အပူလှိုင်းများဟာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ ထင်ရှားသော အမှတ် အသားတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း မိုးခေါင်ရေရှားမှုများ မကြာ ခဏဖြစ်ကာ ပိုမိုပြင်းထန်လာနိုင်မယ်လို့ သိပ္ပံပညာရှင်များက ခန့်မှန်းထားပါတယ်။

crd-ရောင်နီ (NP News)