ဆောင်းရာသီတွင် သတိထားရမည့် ကျန်းမာရေးပြဿနာများ

ရာသီစက်ဝန်းသည် မနေမနားလည်ပတ်လျက်ရှိရာ ယခုအခါဆောင်းရာသီသို့ ကူးပြောင်းဝင်ရောက်ရန် တာစူနေပြီဖြစ်ပါတယ်။ထို့ကြောင့် မိမိတို့အနေနဲ့ ကိုယ်ခန္ဓာရဲ့ အလိုအလျောက်တုံ့ပြန်နိုင်စွမ်းကို  အားကောင်းလာစေရန်နဲ့ အဆိုပါစနစ်ကြီး လက်ပန်းမကျစေရန်အတွက် သဘာ၀၀န်းကျင်အခြေအနေနဲ့ သဟဇာတဖြစ်အောင် ပြုပြင်နေထိုင်ရန် သတိမူမိကြဖို့ လိုပါတယ်။ ရာသီဥတုပူလာပါကလည်း ပူတဲ့အလျောက် အေးလာပါကလည်း အေးတဲ့အလျောက် သတိပြုဆင်ခြင် နေထိုင်ခြင်းအားဖြင့် ရောဂါဘယများကို ကာကွယ်နိုင်မှာလည်း ဖြစ်ပါတယ်။

တချို့သော  ကျန်းမာရေးပြဿနာများဟာ ရာသီဥတုအခြေအနေပေါ် မူတည်၍ ဖြစ်ပွားတတ်ကြပါတယ်။ ဥပမာ-နေပူလောင်ခြင်း၊ အပူလျှပ်ခြင်း၊ ချွေးထွက်လွန်ပြီး ရုတ်တရက်မူးလဲခြင်းစတဲ့ ပြဿနာများဟာ နွေရာသီမှာဖြစ်ပွားတတ်ပြီးတော့ အအေးမိခြင်း၊ နှာစေးချောင်းဆိုးဖြစ်ခြင်း၊ အဆုတ်ရောင်ခြင်း စတဲ့ပြဿနာ များကတော့ ဆောင်းရာသီမှာ ဖြစ်ပွားတတ်တာမျိုးဖြစ်ပါတယ်။     မြန်မာနိုင်ငံဟာ တောင်မြောက်မိုင်ပေါင်း တစ်ထောင်ကျော် ရှည်လျားတာကြောင့် အေးမြတဲ့ဆောင်းရာသီဟာ မြောက်ပိုင်းဒေသများမှာ ပိုမိုပြင်းထန်ပြီး တောင်ပိုင်း အီကွေတာနဲ့နီးတဲ့ အရပ်ဒေသများမှာတော့ သိသိသာသာ အေးမြမှုမရှိပါဘူး။ မည်သို့ဆိုစေ ဆောင်းရာသီရောက်လာရင်တော့ အနည်းနဲ့အများ အေးမြတဲ့ဆောင်းဥတုကိုတော့ ခံစားကြရမှာဖြစ်တဲ့အတွက် ကျန်းမာရေးအတွက် သတိထားပြီး နေထိုင်ကြရန် လိုပါတယ်။ ဆောင်းရာသီမှာ အဖြစ်များပြီး သတိထားရမယ့် ကျန်းမာရေးပြဿနာများကို အကျဉ်းဖော်ပြလိုပါတယ်။

အအေးမိဖျားနာခြင်း

အအေးမိဖျားနာဖြစ်စေတဲ့  ဗိုင်းရပ်မျိုးများစွာ ရှိပါတယ်။ ကိုဗစ်ဗိုင်းရပ်အပါအဝင်ပေါ့။ အဓိကဖြစ်စေတဲ့ ဗိုင်းရပ်အုပ်စုကတော့ ရီ(ဟ)နိုဗိုင်းရပ်(rhinovirus) အမျိုးအစားပဲ ဖြစ်ပါတယ်။ ကူးစက်ခြင်းမခံရစေရန် လက်မကြာခဏဆေးခြင်း၊ နှာချေချောင်းဆိုးလျှင် လက်ကိုင်ပဝါ၊ တစ်ရှူးစသည်တို့ဖြင့် ဖုံးအုပ်၍ နှာချေချောင်းဆိုးခြင်း၊ လူထူထပ်သည့် နေရာများကို ရှောင်ခြင်းစသဖြင့် သတိထားနိုင်ပါတယ်။ အထူးသဖြင့် လက်မကြာခဏဆေးခြင်းဖြင့် ကူးစက်ခံရမှုကို သိသိသာသာထိန်းချုပ်နိုင်ပါတယ်။

ရာသီတုပ်ကွေး

ရာသီတုပ်ကွေးကတော့ ၁၂ ရာသီပတ်လုံးကူးစက်နိုင်ခြေရှိတဲ့ရောဂါပါ။ သို့ရာတွင် ဆောင်းနှောင်းရာသီနဲ့ နွေဦးပေါက်မှာတော့ ပိုမိုဖြစ်ပွားတတ်ပါတယ်။ ရာသီတုပ်ကွေးကူးစက်မှုကိုလည်း အဓိကအားဖြင့် လက်ကိုမကြာခဏ ဆေးကြောခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ တုပ်ကွေးရောဂါကာကွယ်ဆေးများ ထိုးနှံခြင်း အားဖြင့်လည်း  ကူးစက်မှုကို အထိုက်အလျောက် လျှော့ချနိုင်ပါတယ်။ တုပ်ကွေးရောဂါပိုးဟာ  နှစ်စဉ်မျိုးဗီဇ ပြောင်းကာ ဖြစ်ပွားတတ်တာကြောင့် တုပ်ကွေးကာကွယ်ဆေးများကိုလည်း နှစ်စဉ် ထုတ်လုပ်ရလေ့ရှိပြီး ကာကွယ်ဆေးထိုးနှံမှုကိုလည်း နှစ်စဉ်ဆောင်ရွက်ရလေ့ ရှိပါတယ်။

အဆုတ်ရောင်ရောဂါ

အဆုတ်ရောင်ရောဂါကတော့ များသောအားဖြင့် ဗက်တီးရီးယားပိုးကြောင့် ဖြစ်ပွားတတ်တာဖြစ်ပြီးတော့ တုပ်ကွေးနဲ့ အခြားဗိုင်းရပ်များကြောင့်လည်း ရံဖန်ရံခါ ဖြစ်ပွားတတ်ပါတယ်။ အဆိုပါရောဂါသည်လည်း ဆောင်းရာသီမှာ အဖြစ်များတတ်လို့ သတိထားရမယ့်ရောဂါ ဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်း ကနေတစ်ဆင့် ကူးစက်တတ်တဲ့အတွက် လူထူထပ်တဲ့ နေရာရှောင်ကြဉ်ခြင်း၊ အနီးအနားတွင် နှာချေချောင်းဆိုး ဖြစ်တဲ့သူရှိပါက ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်း၊ မိမိကိုယ်တိုင်လည်း နှာချေချောင်းဆိုးပါက အဖုံးအကာဖြင့် ဆောင်ရွက်ခြင်း၊ လက်မကြာခဏဆေးခြင်း စတာတွေ လိုက်နာလုပ်ဆောင်သင့်ပါတယ်။ ရာသီတုပ်ကွေး အအေးမိနှာစေး ချောင်းဆိုးလက္ခဏာများ ခံစားနေရပြီး ရက်အနည်းငယ်အတွင်း မသက်သာပါက ဆရာဝန်နဲ့ ပြသတိုင်ပင်ကာ ထိရောက်တဲ့ ကုသမှုခံယူသင့်ပါတယ်။

လည်ချောင်းနာခြင်း

လည်ချောင်းနာခြင်းသည်လည်း ဆောင်းရာသီမှာ အဖြစ်များတတ်ပါတယ်။   များသောအားဖြင့် အအေးမိကာ ဖြစ်ပွားတတ်ပါတယ်။ သာမန်အားဖြင့် လည်ချောင်းနာပါက ဆရာဝန်နဲ့ကုသမှုခံရန် မလိုအပ်ပေမယ့် လက္ခဏာများ ပိုမိုဆိုးလာရင်တော့ ထိရောက်တဲ့ ကုသမှုခံယူသင့်ပါတယ်။

နေအိမ်အဆောက်အအုံများအတွင်း လေထုအရည်အသွေးကျဆင်းခြင်း ဆောင်းရာသီမှာ အေးမြတာကြောင့် များသောအားဖြင့် လူနေအဆောက်အအုံများမှာ တံခါးများပိတ်ထားတတ်ကြပါတယ်။  ထို့ပြင်  ရာသီဥတု အေးမြတာကြောင့် အဆောက်အအုံအတွင်း နေထိုင်တဲ့အချိန် ပိုမိုများတတ်ကြပါတယ်။ ထို့ကြောင့် နေအိမ်အဆောက်အအုံအတွင်း လေထုညစ်ညမ်းမှုများ ပိုမိုဆိုးရွားစေကာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ဖြစ်စေတတ်ပါတယ်။ တတ်နိုင်သမျှ ပြတင်းတံခါးများ ဖွင့်ပေးခြင်း၊ ဖုန်၊ အမှိုက်များ ပုံမှန်သန့်ရှင်းရေးလုပ်ခြင်း၊   လေဝင်လေထွက် ကောင်းစေရန် စီမံခြင်းများ လုပ်ဆောင်သင့်ပါတယ်။

အက်စ်မာ(Asthma)ရောဂါလက္ခဏာ ပိုမိုဆိုးရွားစေခြင်း

ဆောင်းရာသီရဲ့ အေးမြခြောက်သွေ့တဲ့လေကြောင့် အက်စ်မာ ရောဂါခံစားနေရသူများကို ပိုမိုဆိုးရွားစေပါတယ်။ ဒါ့ကြောင့်အဆိုပါလူနာများအနေနဲ့ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးဝါးများကို ပုံမှန်သောက်သုံးသင့်ပါတယ်။ ခရီးသွားရပါကလည်း မဖြစ်မနေသယ်ဆောင်သွားသင့်ပါတယ်။ ပြင်းထန်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းများ မပြုလုပ်သင့်ပါဘူး။ တတ်နိုင်သမျှ နေအိမ်အတွင်းတွင်သာ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ်။ အေးမြခြောက်သွေ့နေတဲ့ ပြင်ပလေကိုရှူရှိုက်မိပါက အက်စ်မာရောဂါသည်များ အနေနဲ့ ရောဂါလက္ခဏာ ပိုမိုဆိုးရွားစေလို့ ဖြစ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုနည်းကာ အထိုင်များခြင်း

ဆောင်းရာသီမှာ ရာသီဥတုအေးမြတာကြောင့် များသောအားဖြင့် နေအိမ်အဆောက်အအုံများ အတွင်း၌သာ အချိန်တွေကုန်ဆုံးတတ်ကြပါတယ်။ ထိုင်ခြင်း၊ စာဖတ်ခြင်း၊စာရေးခြင်း၊ လှဲလျောင်းခြင်းစတဲ့အချိန်များသာ များနေတတ်ကြပါတယ်။ ဆိုလိုတာကတော့ ကိုယ်လက်လှုပ်ရှားမှု   နည်းပါးတတ်ကြပါတယ်။

ဒါ့ကြောင့် နွေးနွေးထွေးထွေးဝတ်ဆင်ပြီး အချိန်တစ်ခု သတ်မှတ်ကာ နေအိမ်ပြင်ပ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း သို့မဟုတ် အဆောက်အအုံများ အတွင်းတွင် ကိုယ်လက်လှုပ်ရှားပြုလုပ်ရန် စီစဉ်ဆောင်ရွက်ခြင်များ ပြုလုပ်သင့်ပါတယ်။

စားသောက်မှုပုံစံများ

ဆောင်းရာသီမှာ ရာသီဥတုအေးမြတာကြောင့် များသောအားဖြင့် အသင့်စားအစားအသောက်များနဲ့ အလွယ်တကူစားသုံးနိုင်တဲ့ အစားအသောက်များကိုသာ စားသောက်လေ့ရှိကြပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်များကို သတိထားစားကြဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။

ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်တဲ့ စိတ်ကျရောဂါ

ဆောင်းရာသီမှာ ရာသီဥတုကအေးတာကြောင့် စိတ်မပျော်မရွှင်ဖြစ်ခြင်း၊  ထုံထိုင်းခြင်းများ ခံစား ရစေတတ်ပါတယ်။  တချို့သူတွေမှာတော့ ရာသီဥတုကြောင့်ဖြစ်တဲ့ စိတ်ကျရောဂါအခံ ရှိတတ်တာကြောင့် ကိုယ်လက်လှုပ်ရှားမှုနည်းကာ အေးမြတဲ့ ရာသီမှာ ပိုမိုဆိုးရွားစေတတ်ပါတယ်။  ဒါ့ကြောင့်  ပုံမှန်ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်း၊ စိတ်ကျရောဂါခံစားလာရပါက ဆရာဝန်ပြသကာ ကုသမှုခံယူခြင်းများ ဆောင်ရွက်သင့်ပါတယ်။

ကျန်းမာရေးနှင့်ပတ်သက်၍ လက်ဦးမှုရယူသင့်

ဆောင်းရာသီကာလမှာ  ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ဖို့ဆိုရင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လုပ်သင့်လုပ် ထိုက်တာတွေကို ကြိုတင်လုပ်ဆောင်ထားဖို့လိုမှာ ဖြစ်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးများ ထိုးနှံခြင်း၊ လက်ကိုမကြာခဏဆေးကြောခြင်း၊ နှာချေချောင်းဆိုးပါက ပါးစပ်ကိုဖုံးအုပ်ခြင်း၊  ကိုယ်လက်လှုပ်ရှားခြင်း၊   ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်များ စားသုံးခြင်း၊ အိပ်ရေး၀၀အိပ်စက်ခြင်း၊ ရောဂါလက္ခဏာများ ခံစားလာရပါက ရောဂါဆိုးရွားလာသည်အထိ မစောင့်ဘဲ ဆရာဝန်နှင့် အချိန်မီပြသတိုင်ပင်ခြင်း၊  လိုအပ်သည့်  ကုသမှုများခံယူခြင်း စသည်ဖြင့် ရောဂါအခြေအနေဆိုးရွားလာမှ တုံ့ပြန်ခြင်းထက် ကြိုတင်လက်ဦးမှုရယူကာ ဆောင်ရွက်သင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။   ။

ကိုဇေ