ငွေကျပ်(၃)ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိ

သင်္ကြန်ကာလတွင် လူငယ်များအား ရောင်းချရန် ရှမ်းပြည်မှ ရန်ကုန်သို့ သယ်ဆောင်လာသည့် ငွေကျပ် (၃ ဒသမ ၂) ဘီလျံ တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြားများကို နေအိမ်တစ်ခု၌ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယမန့်နေ (ဧပြီလ ၃)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ပြီးခဲ့သည့်(မတ်လ ၃ဝ) ရက်၊ နေ့လည်(၃)နာရီခွဲအချိန်တွင် လှိုင်မြို့နယ်(၁၁)ရပ်ကွက် ကန်လမ်းရှိ ဟိုတယ်အနီးတွင် ကိုတင်မောင်သန်း နှင့် ကိုအောင်သူတို့နှစ်ဦးအား SURF မော်တော်ယာဉ်တစ်စီး အပါအဝင် စိတ်ကြွရူးသွပ်ဆေးပြား (၁)သိန်းကို စတင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးပြီးစစ်ဆေး ဖော်ထုတ်ချက်အရ ညနေ(၄)နာရီအချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်တွင် နေထိုင်သော ကိုအောင်သူ၏ နေအိမ်တွင် စိတ်ကြွရူးသွပ် ဆေးပြား (၃၁)သိန်းကို ထပ်မံသိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သော စိတ်ကြွရူးသွပ်ဆေးပြားများသည် စုစုပေါင်း ငွေကျပ်သိန်း (၃ ဒသမ ၂) ဘီလျံ တန်ဖိုး ရှိကြောင်း သိရသည်။

စစ်ဆေးချက်အရ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများသည် ရှမ်းပြည်နယ်မှ ရန်ကုန်သို့ သယ်ဆောင်လာပြီး သင်္ကြန်ပွဲတော်တွင် လူငယ်များအား ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူ ထားကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Crd to စော (NP News)