ခြင်မကိုက်အောင် ဘာလုပ်ကြမလဲ

ခြင်ကြောင့် ရောဂါအဖြစ်များတဲ့ နိုင်ငံ၊ အဖိတ်အစင်များတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါ ပါတယ်။

သွေးလွန်တုတ်ကွေးရောဂါဆို မိုးရာသီ ရောက်တာနှင့် သားသားမီးမီးတို့ရဲ့မိဘတွေ စိုးရိမ်ကြောင့်ကြရပါပြီ။

ခြင်ကိုက်လို့ ဖြစ်ရတဲ့ ဌက်ဖျားဆိုရင် လည်း မြန်မာနိုင်ငံ အနှံ့မှာ အသက်အန္တရာယ်အလွန်ပေးတဲ့ ရောဂါပါ။

ဆင်ခြေထောက်ရောဂါ၊ ဇီကာ ဗိုင်းရစ်၊ Chikungunya၊ ဂျပန်ဦးဏှောက်ရောင်ရောဂါ လိုမျိုး အန္တရာယ်များတဲ့ ရောဂါတွေရဲ့ အရင်းအမြစ်ကလည်း ခြင်ပါပဲ။

ခြင်မကိုက်အောင်ဆိုပြီး ခြေဆေးခွေတွေကို သုံးနေကြတာ မကောင်းပါဘူး။ ခြင်ဆေးခွေက ထွက်တဲ့ အငွေ့ဟာ (Formaldehyde) လို့ ခေါ်တဲ့ အဆိပ်ငွေ့ပါ။ ခြင်အန္တရာယ်ကို ကြောက်လို့ အဆိပ်ငွေ့တွေ ရှုနေရတာတော့ နည်းလမ်းမဟုတ်ပါဘူး။

ဒီတော့ ခြင်မကိုက်အောင် ဘာလုပ်ကြမလဲ

ပတ်ဝန်းကျင်မှာ ခြင်ပေါက်ဖွားနိုင်တဲ့ နေရာတွေ မရှိအောင်လုပ်မယ်။

  • ခြင်ဆိုတာ ရေသေရှိတဲ့ နေရာတွေမှာသာ ပေါက်ဖွားနိုင်ပါတယ်။ ဒါကြောင့် မိုးရာသီအချိန်အခါမှာ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခပ်၊ လောင်း၊ ထောင်၊ မြှုပ်၊ ဖွင့် ၊ ရှင်း၊ မှုတ် စတာတွေကို မိမိ နေအိမ်၊ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက်တွေ အပတ်တိုင်း အပတ်တိုင်း လုပ်သင့်ပါတယ်။

ခြင်မဝင်အောင်လုပ်မယ်။

  • အိမ်ထဲ ခြင်မဝင်အောင် ခြင်ဇကာတွေ ကာထားတာတွေ လုပ်သင့်ပါတယ်။ အိပ်တဲ့ အခါလည်း ခြင်ထောင် ထောင်အိပ် ဖို့ လိုပါတယ်။

ခြင်မကိုက်တဲ့ လိမ်းဆေး၊ Spray တွေ သုံးမယ်။

  • ခြင်မကိုက်အောင်လိမ်းဆေးတွေ Spray တွေ သုံးတာ ဟာ ခြင်မကိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် တစ်နေကုန်တော့ မခံပါဘူး။ အဲ့ဒါအတွက်တော့ သတိထားရပါမယ်။

အရမ်းငယ်တဲ့ ကလေးတွေမှာဆိုရင် သတိထားပြီးသုံးစွဲရပါမယ်။ အသားအရည် နုနုလေးတွေမှာ ဓာတ်မတဲ့ တဲ့ အနေအထားတွေ ရှိမရှိ အမြဲ ဂရုစိုက်ရပါမယ်။

အရောင်ဖျော့ဖျော့ နဲ့ သက်တောင့်သက်သာ ရှိမယ့် အဝတ်အစားတွေ ဝတ်မယ်။
အမည်းရောင်၊ အနီရောင်၊ အပြာရင့်ရင့်၊ အဝါတောက်တောက် စတဲ့ အရောင်ရင့်ရင့် တွေက ခြင်တွေကို ပိုဆွဲဆောင်စေပါတယ်။ အရောင်ဖျော့ဖျော့၊ ခပ်ပွပွ နဲ့ သက်တောင့်သက်သာ ရှိတဲ့ အဝတ်အစားတွေက လည်း ကျပ်ထုပ်နေတဲ့ အဝတ်အစားတွေထက်စာရင် ခြင်အန္တရာယ်ကို ကာကွယ်ပေးပါတယ်။

သန့်သန့်ရှင်းရှင်းနေမယ်။
ခြင်မကိုက်အောင် တစ်ကိုယ်ရည် သန့်ရှင်းမှု နှင့် ပတ်ဝန်းကျင် သန့်ရှင်းမှုကို ဂရုစိုက် သင့်ပါတယ်။ ညစ်ညစ်ပတ်ပတ်နေခြင်းက ခန္ဓာကိုယ်နဲ့ ပတ်ဝန်းကျင် အနံ့အသက် မကောင်းဘဲ ခြင်ကိုက်ဖို့ ဖိတ်ခေါ်နေသလိုမျိုးဖြစ်နေတတ်ပါတယ်။

ခြင်အန္တရာယ်ဟာ ရာသီမရွေးဖြစ်ပွားတယ် ဆိုပေမယ့် မိုးရာသီဟာ ခြင်ပေါက်ဖွားမှုနှုန်း များတဲ့ အတွက် ပိုမိုဂရုစိုက်ဖို့ အတွက် နှိုးဆော်လိုက်ပါတယ်။