ချမ်းမြသာစည်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၆ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ (ည)ရပ်ကွက်၊ ၁၄၀(C)လမ်း၊ ၆၇ x ၆၈ လမ်းကြားတွင် လှသိန်း(ခ)စိုင်းမောင်သိန်း မောင်းနှင်လာသည့် TOYOTA HARRIER မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဆပ်ပြာခွက် ၁,၇၆၀ ခွက်ဖြင့် ထည့်လျက် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄,၄၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၇ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ည ၇ နာရီအချိန်ခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ ၁၁၀ လမ်းနှင့် ၇၃ လမ်းထောင့်တွင် သိမ်းဆည်းရမိဘိန်းဖြူများ သယ်ဆောင်ရောင်း ဝယ်ရာ၌ ပူးပေါင်း ပါဝင်သူများဖြစ်သည့် ဇော်ဝင်းထွဋ် နှင့် ရဲမင်းလှိုင် တို့ ၂ ဦးအား မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့အား ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

Source; Myanmar Police Force