ကျောပိုးအိတ်လေးများနှင့်

   တပ်ရင်းစစ်ရေးပြကွင်း၏ ပတ်လည်တွင် မြူနှင်းများ ဆိုင်းနေ သည်။ ဆောင်းရာသီ၏ နံနက်ခင်း ဖြစ်၍လည်း ချမ်းအေးခြင်းနှင့်အတူ ဖြတ်တိုက် လာသော လေနုအေးလေးများက စစ်ရေးပြကွင်းအတွင်း တန်း စီနေကြ သော အရာရှိ စစ်သည်များကို အေးမြလန်းဆန်း နေစေပါသည်။

   ဒုတပ်ရင်းမှူး ဦးစီးပြီး စစ်ကြောင်း၊တပ်ခွဲအလိုက် တန်းစီနေကြခြင်း ဖြစ်၏။ တန်းစီခြင်း အသင့်ဖြစ်ပါက တပ်ရင်းမှူးထံ သတင်းပို့ပြီး တပ်ရင်း မှူး၏ စစ်ထွက်မိန့်ခွန်းကို နာခံရမည် ဖြစ်သည်။

   တပ်ရင်းမှူးမှ စစ်ရေးပြကွင်းအတွင်း ကျောပိုးအိတ်များ ယူလာဖို့ မှာ ထားသည်။ စစ်ထွက်မိန့်ခွန်း နာခံပြီးလျင် အသင့်ရောက်ရှိနေသော စစ် ယာဥ်များပေါ် စနစ်တကျတက်ပြီး ထွက်ခွာကြရမည်ဖြစ်၍ ကျောပိုးအိတ် များကို တန်းစီရာသို့ ယူလာခိုင်းခြင်း ဖြစ်မည်ထင်ပါသည်။

   စစ်ဆင်ရေးတွင် အသုံးပြုမည့် စစ်အသုံးအဆောင်များ၊ရိက္ခာများ၊အ ရံကျည်များ ထည့်ထားသောကြောင့် ကျောပိုးအိတ်များမှာလည်း ဖောင်း ကားနေကြ၏။

   အထူးသဖြင့် အရာရှိများ၏ ကျောပိုးအိတ်များသည် ကြီးမားဖောင်း ကားနေကြပါသည်။ ကျောပိုးအိတ်လွယ်ပြီး ချီတက်ရခြင်းထက် ယာဥ်များ ဖြင့် ချီတက်ရမည်ကတစ်ကြောင်း၊ ခြေလျင်ချီတက်လျင်လည်း ပေါ် တာနှင့် သယ်စေမည် ဖြစ်လို့တစ်ကြောင်း လိုအပ်သည်ထက် ပို၍ ထည့်ထားကြ ခြင်းဖြစ်၏။

   စစ်ရေးပြမှူးမှ စစ်ရေးပြ အကြိုလေ့ကျင့်ခြင်း ဆောင်ရွက်ပြီးနောက် အရာရှိ စစ်သည် အားလုံး၏ ရှေ့တွင် ကျောပိုးအိတ်များ ချထားကာ အသင့် ဖြစ်ကြောင်း အိုင်အိုမှတစ်ဆင့် တပ်ရင်းမှူးထံ သတင်းပို့စေပြီး တပ်ရင်းမှူး အလာကို စောင့်ဆိုင်းနေကြသည်။

   တပ်ရင်းမှူး အိမ်က ထွက်လာပြီ။ လမ်းဆုံတွင် တာဝန်ချထားသော တပ်ရဲထံမှ ခရာသံ ကြားလိုက်ရပြီး မကြာမီ တပ်ရင်းမှူး၏ မာစတာဂျစ် ကားလေးသည် အလေးပြုခံ စင်မြင့်အနီး ကားလမ်းပေါ် ရောက်ရှိလာပါ သည်။

   မာစတာဂျစ် ကားတံခါး ပွင့်သွားပြီးနောက် တပ်ရင်းမှူး ဆင်းလာသည် ကို စစ်ရေးပြမှူးမှ လှမ်းကြည့်နေပြီး စစ်ကြောင်းကို အမိန့်ပေးလိုက်သည်။

   " တပ်ရင်း....သတိ"

   တန်းစီထားသော အရာရှိ စစ်သည်များ သတိဆွဲလိုက်ကြ၏။ စစ်ရေး ပြမှူးမှ တပ်ရင်းမှူးအား ထပ်မံကြည့်ရှုလိုက်ရာတွင် တပ်ရင်းမှူးမှာ အိုဂျီယူ နီဖောင်း အပေါ်၌ အီကွင့်မင့်အား ဝတ်ဆင်ထားသည့်အပြင် ကျောပိုးအိတ် ကိုပါ လွယ်ထားသည်ကို တွေ့လိုက်ရပါသည်။ ထူးဆန်းပေစွ။ ယခင် စစ်ရေး ပြများတွင် မတွေ့ဖူးခဲ့ပါ။

   စစ်ရေးပြမှူးမှ အလျင်အမြန် အမိန့်ပေးလိုက်သည်။

   " တပ်ရင်း..ကျောပိုးအိတ်....လွယ်"

   ဒုတပ်ရင်းမှူး အပါအဝင် အရာရှိ စစ်သည် အားလုံး ရှေ့တွင်ရှိသော ကျောပိုးအိတ်များကို ကောက်ယူ၍ လွယ်လိုက်ကြပါသည်။ သေနတ်များ မှာတော့ မူလထဲက လွယ်ထားပြီး ဖြစ်နေသည်။

   တပ်ရင်းမှူးမှာ ပေါ့ပါးသွက်လက်စွာဖြင့် သမင်ပျိုလေးအလား အလေး ပြုခံ စင်မြင့်ပေါ်သို့ တစ်လှမ်းခြင်း တက်ရောက်လာပါသည်။ ကျောပိုးအိတ် မှာလည်း ကိုယ်နှင့်ကပ်၍ ပါလာသည်။ ကြည့်လို့ပင် ကောင်းသေးတော့။

   " အလံစောင့်အဖွဲ့ သေနတ်...ထမ်း"

   " တပ်ရင်းမှူးအား..အလေး....ပြု"

   စစ်ခရာ နှစ်လက်၏ အသံက မြိုင်ဆိုင်စွာ ထွက်လာသည်။

   " အလံစောင့်အဖွဲ့  သေနတ်...ထမ်း"

   " အလံစောင့်အဖွဲ့  သေနတ်အောက်....ချ"

   " အမှတ်(--)ခြေလျင်တပ်ရင်း..အင်အား(---)ယောက် စစ်ထွက် မိန့်ခွန်း နာခံရန်....အသင့်"

   " တပ်ရင်း  သက်....သာ"

   စစ်မိန့်သံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် တပ်ရင်းအား သက်သာပေးလိုက်ပါသည်။ ဘယ်လိုပင် သက်သာပေးသော်လည်း အမှန် တကယ်တော့ မသက်သာပါ။

   စစ်သည်များ အနေနှင့် ကျောပိုးအိတ်များ လွယ်ထားရာတွင် သက် သက်သာသာဖြင့် ထူးခြားမှု မရှိလှသော်လည်း အရာရှိများမှာ ပေါင်၅၀နီး ပါးခန့်လေးသော ကျောပိုးအိတ်ကြီးများကို လွယ်ထားရသည့်အတွက် စစ်ရေးပြ လှုပ်ရှားမှုတိုင်း နောက်သို့ လန်၍လန်၍သွားနေသဖြင့် အား စိုက် ပြီး ရှေ့သို့ တွန်းထားရသည်။

   အလေးပြုခံ စင်မြင့်ထက်မှ တပ်ရင်းမှူး၏ စစ်ထွက်မိန့်ခွန်းသံများမှာ အားမာန်အပြည့်ဖြင့် ထွက်ပေါ်လာပါတော့သည်။

   " ရဲဘော်တို့...ငါတို့အားလုံး စစ်မြေပြင် ထွက်ရမယ်..ပင်ပန်းမယ်.. ဆင်းရဲမယ်.. ဇွဲရှိဖို့ လိုတယ်"

   မှန်ပါသည်။ စစ်ဆင်ရေး မထွက်ခင်ကပင် ပင်ပန်းနေကြလေပြီ။ တပ်ရင်းမှူး၏ မိန့်ခွန်းပြောမှု ကြာလေလေ အရာရှိများအဖို့ ကျောပိုးအိတ် ၏ ဖိစီးမှုကြောင့် ပစ်တိုင်းထောင်ရုပ်လို ရှေ့နောက်လှုပ်ရှား နေကြပြီး လိပ်ကလေးတစ်ကောင် ပက်လက်လန်မည့် အနေအထားသို့ ရောက်ရန် နီးကပ်လာနေပါပြီ။

   တပ်ရင်းမှူး၏ မိန့်ခွန်းမှာ တစ်နာရီကျော် ကြာလာပါပြီ။ အရာရှိများ၏ မျက်နှာများတွင် ချွေးသီးလုံးကြီးများ ထွက်နေပြီး အံကြိတ်ထားသူများ ရှုံ့မဲ့နေသူများ၊ စပရင်ကဲ့သို့ ကွေးသွားလိုက် ပြန်ဆန့်လိုက် ဖြစ်နေသူများကို စင်မြင့်ပေါ်ကနေ အရသာခံပြီး ကြည့်နေသူက ဆရာ။

   " နိဂုံးချုပ် အနေနဲ့ ပြောလိုတာကတော့..."

   ကြားဖူးသမျှ စကားသံများထဲတွင် ယခု တပ်ရင်းမှူးထံမှ ကြားရသော အသံသည် နားဝင်အချိုဆုံးဖြစ်သည်။ နိဂုံးချုပ်ပြီးရင် တန်းဖြုတ်တော့မည် မဟုတ်ပါလား။ တန်းဖြုတ်ပြီးသည်နှင့် ကျောပိုးအိတ်အား ချွတ်ကာ " လေးဦးဟ...လေးဦးဟ" ဆိုပြီး ကျောပိုးအိတ်ကို ခြေထောက်ဖြင့် လှိမ့် ကန် ရန်လည်း စဥ်းစားနေကြသည်။

   တပ်ရင်းမှူး၏ နိဂုံးချုပ်မှုသည်ပင် ၁၅မိနစ်ခန့် ထပ်ကြာသွားသေး သည်။

   " တန်းဖြုတ်ခွင့်...ပြုပါ"

   " ဆက်...လုပ်"

   တပ်ရင်းမှူးကြီး မာစတာဂျစ်ပေါ် ပေါ့ပါးစွာ တက်ရောက်ပြီး ကားမှာ လည်း တရွေ့ရွေ့ ထွက်ခွာသွားပါသည်။ ကျောပိုးအိတ်ကို ကားပေါ်ရောက် မှ ငြင်သာစွာ ချွတ်လိုက်သည်ကို တွေ့လိုက်ရသည်။

   တန်းစီနေသော အရာရှိ များမှာလည်း ကျောပိုးအိတ်များကို နာကျည်း စွာဖြင့် ချွေးတလုံးလုံးကြားမှ အောက်သို့ ပစ်ချလိုက်ကြပါတော့သည်။

   ထောက်လှမ်းရေးတပ်ကြပ် ဆရာကိုကြီးထံမှ သိရသော နောက်ကျ သတင်းမှာ ညက တပ်ရင်းမှူး ခေါ်သဖြင့် အိမ်သို့သွားရကြောင်း၊ နို့ဆီကပ်ဖာ အခွံများကို ကပ်ကြေးဖြင့်ညှပ်ပြီး ကျောပိုးအိတ်တွင် ထည့်ပေးရကြောင်း၊ ကျောပိုးအိတ် အလွတ်ကြီးကို ပစ္စည်းထည့်ထားသည့် ပုံစံဖြစ်အောင် လုပ် ပေးရကြောင်း၊ ဒီသတင်းကို မပေါက်ကြားအောင် သစ္စာရှိစွာ ထိန်းသိမ်းထား ရန်လိုကြောင်းများဖြစ်သည်။

   ထိုအချိန်က တပ်ရင်းမှူးပြောသော စကားကိုသာ အရာရှိများ ကြားကြ မည် ဆိုရင်ဖြင့်...

   " အရာရှိတွေက သူတို့မလွယ်ရတိုင်း အားမနာ ပါးမနာ ကျောပိုးအိတ် ထဲကို ပစ္စည်းတွေ တအားစွတ်ထည့်ပြီး ပေါ်တာကို သယ်ခိုင်းချင်ကြတယ်၊ မနက်ဖြန်တော့ တွေ့ပြီပေါ့ကွာ"

   ဟူသတည်း။