အင်းလေးဖောင်တော်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီအပူဇော်ခံမည်

(၃)နှစ်ကြာ ရပ်နားထားသည့် အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို လာမည့် အောက် တိုဘာလ(၁၅)ရက်တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်းထံမှ သိရသည်။

“ဖောင်တော်ဦးဘုရားပွဲကလည်း တောင်ကြီးမီးပုံးပျံပွဲလိုပဲ ရပ်နားထားတာ(၃)နှစ်ရှိပြီ။ (၂၀၁၉)ထဲက နောက်ဆုံးကျင်းပတာပါ။ ကိုဗစ်နဲ့ နိုင်ငံရေးတွေနဲ့ဆိုတော့ မကျင်းပဖြစ်တာ ဒီနှစ်မှပြန်လုပ်မှာပါ။ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲရဲ့ အရှေ့ရက်မှာလုပ်မှာပေါ့။ အင်းလေးဖောင် တော်ဦးဘုရားပွဲက လာမယ့်လ(၁၅)ရက်နေ့မှစမှာပါ။ (၁၈)ရက်လောက်ကြာမှာပေါ့” ဟု အထက်ပါမီးပုံးပျံပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူသည် သီတင်းကျွတ်လဆန်း(၁)ရက်(အောက်တိုဘာလ ၁၅ ရက်)မှ သီတင်းကျွတ်လပြည့်ကျော်(၃)ရက်(နိုဝင်ဘာ လ ၁ ရက်)အထိ အင်းလေးဒေသ(၂၁)ဌာနသို့ ဒေသစာရီ လှည့်လည်အပူဇော်ခံမည်ဖြစ် ကြောင်း သိရသည်။

အင်းလေးဒေသ နမ့်ဟူးရွာရှိ ရတနာစံကျောင်းတော်ကြီးတွင် အောက်တိုဘာလ(၁၅)ရက်၌ ဒေသစာရီ စတင်လှည့်လည်အပူဇော်ခံမည်ဖြစ်ပြီး ညောင်ရွှေမြို့သို့ ကြွချီအပူဇော်ခံမည့် အောက်တိုဘာလ(၂၁)ရက်နှင့် ရတနာစံကျောင်းတော်ကြီးသို့ ပြန်လည်ကိန်းဝပ်စံပယ်အပူဇော်ခံမည့် နိုဝင်ဘာလ(၁)ရက်တို့တွင် လှေပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် အင်သားရိုးရာအမျိုးသား ရာကျော်လှေပြိုင်ပွဲ၊ အမျိုးသားလေးကျိပ်ခြောက်လှေပြိုင်ပွဲ၊ အမျိုးသမီးနှစ်ကျိပ်ခြောက်လှေပြိုင်ပွဲ နှင့် အမျိုးသားတစ်ဦးချင်းလှေပြိုင်ပွဲတို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

#CrdNPNews