ကိုရီးယားရုပ်သံလိုင်း SBS ကကျင်းပတဲ့ အဆိုပြိုင်ပွဲမှာ မြန်မာအမျိုးသမီးငယ်တစ်ဦးပါဝင်

ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးရုပ်သံလိုင်း SBS ကကျင်းပတဲ့ အဆိုနဲ့ ပတ်သက်တဲ့ Universe Ticket ပရိုဂရမ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသူဟောင်း ရီအယ် ဝင်ရောက် ယှဉ်ပြိုင်နေကြောင်း သိရပါတယ်။

SBS ရုပ်သံလိုင်းက မကြာမီမှာ တင်ဆက်ပြသတော့မယ့် Universe Ticket ဆိုတဲ့ Survival Show မှာပြိုင်ပွဲ၀င် ၄၁ ဦးရဲ့ စာရင်းကို ထုတ်ပြန်လိုက်ပြီး ယင်းထဲတွင် မြန်မာနိုင်ငံက ပထမဆုံး ပါဝင်သူ အဖြစ် ရန်ကုန် စီးပွားရေး တက္ကသိုလ်(ရွာသာကြီး)မှ ကျောင်းသူဟောင်း မနန်းဧကရီရွှေက ရီအယ်လ် (Riel)ဆိုတဲ့ နာမည် နဲ့ ဝင်ရောက်ယှဉ်ပြိုင်နေတာပါ။

ရီအယ်က ရန်ကုန်မြို့ ရွာသာကြီးမှာရှိတဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ်တက်တုန်းက University Queen ဖြစ်ခဲ့သလို The Whole Queen လည်း ဖြစ်ခဲ့သူပါ။

သူမက ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ပထမနှစ်တက်ပြီးနောက် အခု ကိုရီးယားက Seoul National University of Science and Technology (seoultech) မှာ ပညာသင်ကြားနေသူလည်း ဖြစ်ပါတယ်။

Universe Ticket ရဲ့ Survival Show မှာပြိုင်ပွဲ၀င် ၄၁ ဦးက အချင်းချင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အဲဒီပြိုင်ပွဲဝင်တွေထဲကမှ အနိုင်ရရှိသူ ၈ ဦးကို ရွေးချယ်ကာ Girls Band အဖွဲ့သစ်ကို ဖွဲ့စည်းပြီး ၂ နှစ်နဲ့ ၆ လအကြာ F&F Entertainment မှ promotion ဆင်းပေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ရီအယ်လ် (Riel) က ၂၀၂၁ခုနှစ်တုန်းက ထွက်ရှိထားတဲ့ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ ဖြစ်တဲ့ My Roommate Is A Gumiho ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း ကျောင်းသူတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ ပြိုင်ပွဲဝင် ၄၁ ဦးစာရင်းမှာတော့ ကိုရီးယားနိုင်ငံက ၂၄ ဦး၊ ဂျပန်နိုင်ငံက ၇ ဦး၊ ဖိလစ်ပိုင် နိုင်ငံက ၂ ဦး၊ မြန်မာ ၊ မလေးရှား၊ တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ကနေဒါနဲ့ ဩစတြေးလျ နိုင်ငံက ၁ ဦး စီ ပါဝင်ပါတယ်။