ငွေလိမ်ယူထားတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ (၂)ခုကို လုပ်ငန်းလိုင်စင် ရာသက်ပန်ပိတ်သိမ်း

ပြည်ပမှာ အလုပ်အကိုင် စီစဉ်ပေးနိုင်ခြင်းမရှိဘဲ အလုပ်သမားတွေဆီကနေ ဝန်ဆောင်ခအဖြစ် ငွေကြေးကြိုတင်ရယူမှုနဲ့ ပြဿနာဖြစ်နေတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ (၂)ခုကို အလုပ်သမားဝန်ကြီးဌာနက လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရာသက်ပန် ပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

ယခုလို အကျိုးဆောင်လိုင်စင် ရာသက်ပန် ပိတ်သိမ်းလိုက်တဲ့ အေဂျင်စီနှစ်ခုကတော့ Myint Mo Phue Pwint အေဂျင်စီနဲ့ Lu Kyaw အေဂျင်စီတို့ဖြစ်ကြတယ်လို့ သိရပြီး Myint Mo Phue Pwint အေဂျင်စီကို အလုပ်သမား ၁၆ ဦးတို့က တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုင်ကြားချက်တွေကို စစ်ဆေးခဲ့ပြီးနောက် လိုင်စင်ပိတ်သိမ်းခြင်း အပါအဝင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ပုဒ်မ ၂၉ တို့ပါ အမှုဖွင့်အရေးယူထားတယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာဆိုရင် အဲဒီအေဂျင်စီ ၂ ခုအပါအဝင် အကျိုးဆောင်လိုင်စင် ရာသက်ပန်ပိတ်သိမ်းထားတဲ့ အေဂျင်စီပေါင်း (၂၄) ခုရှိပြီဖြစ်ပြီး ပြည်ပသို့ အလုပ်သမားစေလွှတ်ခွင့် အကျိုးဆောင်လိုင်စင်ရယူထားတဲ့ အေဂျင်စီစုစုပေါင်းက ၄၅၅ ခုအထိ ရှိလာပြီဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

crd;mhtnews