ကိုကိုးကျွန်းနှင့်ပတ်သက်၍ အိန္ဒိယ၏စိုးရိမ်ပူပန်မှု

အခုရက်ပိုင်းမှာ ကိုကိုးကျွန်း(မြန်မာ)နဲ့ပတ်သက်ပြီး India ဘက်က အသံ ၂ ချက်ထွက်လာပါတယ်။

(ပထမအချက်က ) အိန္ဒိယကာကွယ်ရေးဦးစီးချုပ် (ဟောင်း)က “အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် ဖာသိဖာသာနဲ့ လျစ်လျူမရှုထားသင့်ကြောင်း၊ လျစ်လျူရှုထားမှုဟာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံဘက်ယိမ်းအောင် တွန်းပို့နေသလိုဖြစ်ကြောင်း၊ ဒါကြောင့် သံတမန်ရေး၊ စီးပွားရေးလုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်ဖို့ လိုကြောင်း” ပြောသွားတယ် ..

(ဒုတိယအချက်က ) အိန္ဒိယသတင်းသမားတစ်ယောက်က ရေးတာပါ။ “ကိုကိုးကျွန်းပေါ်မှာ တရုတ်နိုင်ငံက စစ်အခြေစိုက်စခန်းတွေဆောက်ပြီး တရုတ်တပ်တွေ ထားဖို့လုပ်နေတယ်၊ အိန္ဒိယအစိုးရအနေနဲ့ သတိထားသင့်တယ်” ဆိုပြီး ရေးသားထားတာကို တွေ့ရပါတယ်။

အိန္ဒိယစိုးရိမ်နေတဲ့ (ပ)အချက်က – လက်ရှိအချိန်မှာ တရုတ်အစိုးရအနေနဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့တဲ့အချက်ရယ်၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဥက္ကဌအနေနဲ့ ရပ်ဝန်း-ပိုးလမ်းမ စီမံကိန်း(BRI)ဘုတ်အဖွဲ့ဖွဲ့လိုက်တာရယ်၊ ယူနယ်ပြည်နယ်အစိုးရ မြန်မာအစိုးရကို လာရောက်တွေ့ဆုံခဲ့တာတွေ ကြောင့် အိန္ဒိယဘက်မှ စိုးရိမ်မကင်း ဖြစ်လာပုံရပါတယ်။ အဖြေကတော့ရှင်းပါတယ်။ တရုတ်ထက်သာအောင် အိန္ဒိယအစိုးရက မြန်မာနဲ့ ရင်းနှီးမှုရှိကြောင်း အလုပ်နဲ့ သက်သေပြလိုက်ပေါ့။ နောက်တစ်ခုက ကသည်းသူပုန် တွေကို မြန်မာဘက်မှာ အခြေချလို့မရအောင် တိုက်ထုတ်ပေးနေသလို အိန္ဒိယဘက်ကလည်း CNF တို့၊ CDF တို့ကို အရေးယူပေးလိုက်ရင် ပြေလည်သွားပါလိမ့်မယ်။ အိန္ဒိယကာကွယ်ရေးဦးစီးချုပ်(ဟောင်း)ကလည်း ဒီအချက်ကို ဆိုလိုချင်တာ ဖြစ်ပါလိမ့်မယ်။

စိုးရိမ်နေတဲ့ (ဒု)အချက်က – အိန္ဒိယသတင်းသမားတစ်ယောက်က ရေးတာပါ။ အစိုးရက legally ထုတ်ပြန်ထားတာ မဟုတ်ပါဘူး။ ဒီလိုစွပ်စွဲချက်မျိုးကလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက ပြောနေကြတာပါ။ ကိုကိုးကျွန်းပေါ်မှာ Infrastructure တွေကတော့ ပုံမှန်အတိုင်း တိုးချဲ့ဆောက်နေမှာပေါ့ဗျာ။ ကိုယ့်နိုင်ငံကိုယ် ဆောက်တာပဲ၊ သူများမြေပေါ်မှာ သွားဆောက်တာမှ မဟုတ်တာ။ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရပဲကြည့်ကြည့်၊ နိုင်ငံခြားရေးမူဝါဒအရပဲကြည့်ကြည့် ကိုကိုးကျွန်းပေါ်မှာ ယနေ့ချိန်ထိ ဘယ်နိုင်ငံခြားသား တစ်ဦး/တစ်ယောက်ကိုမျှ ခြေချခွင့်မပြုခဲ့ပါဘူး။ ဥပမာ တစ်ခုအနေနဲ့ ပြောပြရရင် – လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကိုကိုးကျွန်းမှာရှိတဲ့ သင်္ဘောဆိပ်ခံတံတားကို ဂျပန်ကုမ္ပဏီက အစအဆုံး အသေးစိတ် ဒီဇိုင်းဆွဲပြီး မြန်မာစစ်တပ်အင်ဂျင်နီယာတွေက ဆောက်တယ်။ လုပ်ငန်းပြီးစီးသွားတော့ ဂျပန်က လူကိုယ်တိုင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခွင့်တောင်းပါတယ်။ ဒါပေမယ့် Mother Law အရ ခွင့်ပြုပေးလို့မရတဲ့အတွက် မြန်မာဘက်က ငြင်းဆန်လိုက်ပါတယ်။ ဒါဟာ အကောင်းဆုံး သက်သေသာဓကပါပဲ။

ဒါကြောင့် အိန္ဒိယအနေနဲ့ သိပ်ပြီးတော့လည်း မစိုးရိမ်ပါနဲ့။ မြန်မာအစိုးရနဲ့ ယခုထက်ပိုကောင်းတဲ့ ဆက်ဆံရေးကို နက်နက်နဲနဲထူထောင်လိုက်ရင် အားလုံးအေးဆေးပါလို့ ပြောပါရစေ။