မှတ်ဉာဏ်တုနည်းပညာတွင် ဦးဆောင်လာသည့် ရုရှားနှင့်တရုတ်

ယခုအခါ အင်အားကြီးနိုင်ငံများသည် အနာဂတ်တွင် ဖြစ်ပွားလာနိုင်သည့်စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်လျက်ရှိရာ နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုသည် အဆိုပါအင်အားကြီးနိုင်ငံများကြား မှတ်ဉာဏ်တု (Artificial Intelligence) နည်းပညာကဏ္ဍတွင် သူ့ထက်ငါ ပိုမိုသာလွန်စေရန် အကြီးအကျယ် ပြိုင်ဆိုင်လာလျက်ရှိသည်ကိုတွေ့ရသည်။

ထို့ကြောင့် နည်းပညာဖွံ့ဖြိုးတိုးတက် မှုကိုလက်ဦးနိုင်စေရန်နှင့် အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သည့် စစ်ပွဲများတွင်ဖြစ်လာနိုင်သောရန်သူ (Potential enemy)၏ လက်နက်စနစ်များအပေါ် အသာစီးရရှိနိုင် စေရန်အတွက်ပြိုင်ဆိုင်ရာတွင် မှတ်ဉာဏ်တု နည်းပညာသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများက    အဓိကထားနည်းလမ်းရှာဖွေ၍ ထုတ်လုပ်ရန်ကြိုးပမ်းလာသည့် နည်းပညာတစ်ရပ် ဖြစ်လာခဲ့ပြီဟု ဆိုနိုင်သည်။

ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပေါ်နေသည့် ဖြစ်စဉ်များကို လေ့လာကြည့်ရှုမည်ဆိုပါက အလိုအလျောက်ထိန်းချုပ် ပစ်ခတ်နိုင်သည့်လက်နက်စနစ် (Autonomous Weapons Systems) များသည် အလျင်အမြန်တိုးတက်လျက်ရှိသည်။  ကမ္ဘာ့နိုင်ငံများအနေဖြင့်လည်း ၎င်းတို့၏လက်နက်ကိုင်တပ်များတွင် အကောင်းဆုံးသောမှတ်ဉာဏ်တု နည်းပညာသုံးလက်နက်စနစ်များ တပ်ဆင်နိုင်ရေးအတွက် ၂၀၁၀ ပြည့်နှစ် အလယ်ပိုင်းလောက်မှစ၍ အပြိုင်အဆိုင်ကြိုးပမ်းလာခဲ့ရာ ယခုအခါ ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။

မှတ်ဉာဏ်တုနည်းပညာတိုးတက်ရေးအတွက် ရုရှားနိုင်ငံ၏ကြိုးပမ်းဆောင်ရွက်မှု

ကမ္ဘာ့အင်အားကြီးနိုင်ငံ    တစ်နိုင်ငံဖြစ်သည့်   ရုရှားနိုင်ငံသည်  မှတ်ဉာဏ်တုနည်းပညာသုံး ဒုံးကျည်များ ထုတ်လုပ်နိုင်ရန်အတွက်  ပြီးခဲ့သည့်နှစ်များ အတွင်းမှစ၍ ကြိုးပမ်းလျက်ရှိသည်။ ယင်းအချက်ကို ရုရှားလေတပ်မှ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဗစ်တာဘွန်ဒါရက်က အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံအနေဖြင့် AI  နည်းပညာကို ဒုံးကျည်များတွင် ထည့်သွင်းအသုံးပြုနိုင်မည်ဆိုပါက  ပစ်လွှတ်လိုက်သည့် ဒုံးကျည်များသည် ပစ်မှတ်သို့မရောက်ရှိမီ လေထုအတွင်း၌ ပျံသန်းနေစဉ်မှာပင် ကနဦးပစ်ခတ်လိုက်သည့်ပစ်မှတ်မှ အခြားပစ်မှတ်များသို့  ပြောင်းလဲတိုက်ခိုက်နိုင်မည် ဖြစ်သည်။

ရုရှားနိုင်ငံတွင် အလိုအလျောက်စစ်ဆင်နိုင်သည့်စနစ်သုံးမျိုးရှိနေပြီဟု နိုင်ငံပိုင်လက်နက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့်    Kronstadt Group မှ အမှုဆောင်အရာရှိချုပ်တစ်ဦးက ၂၀၁၇ ခုနှစ်မေလကတည်းက တရားဝင်ပြောကြား ခဲ့သည်။ အဆိုပါအလိုအလျောက် စစ်ဆင် နိုင်သည့် လက်နက်စနစ်များသည် ၎င်းတို့၏မစ်ရှင်ကို အဆုံးသတ်နိုင်ပြီဆိုပါက အလိုအလျောက်  ထိန်းချုပ် စစ်ဆင်နိုင်သည့် မောင်းသူမဲ့ ခူကျအနမ များအတွက်လည်း အထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။ ထို့ပြင်လက်နက်စနစ် များကြားတွင်လည်း အပြန် အလှန်ချိတ်ဆက်လုပ်ဆောင်နိုင်ခြင်းနှင့် မစ်ရှင်များကို မျှဝေခြင်းတို့ကိုပါ လုပ်ဆောင် နိုင်မည်ဖြစ်သည်။ ထို့ကြောင့် မောင်းသူမဲ့လေယာဉ်များ၊ အစုလိုက်အပြုံလိုက်ပါဝင်သည့် အလိုအလျောက်ထိန်းချုပ်တိုက်ခိုက်သည့် လက်နက်စနစ်များသည် မကြာမီကာလတွင် စစ်မြေပြင်၌ပျံသန်းလာမည် ဖြစ်သည်။

ရုရှားနိုင်ငံသည်     အလိုအလျောက်ထိန်းချုပ်မှုကို အပြည့်အဝလုပ်ဆောင်နိုင်သော လက်နက်စနစ်နှင့် တစ်စိတ်တစ်ဒေသ ထိန်းချုပ်နိုင်သည့် လက်နက်စနစ်အတော် များများကို စမ်းသပ်ခဲ့ပြီးဖြစ်သည်။ ၎င်းစနစ်များအနက် ထူးခြားသည့် အလိုအလျောက် ထိန်းချုပ်စစ်ဆင်ရေးလက်နက်စနစ် တစ်မျိုးမှာ Kalashnikov’s neural net လက်နက်စနစ်ပင်ဖြစ်သည်။    အဆိုပါစနစ်တွင် စက်သေနတ်၊  ကင်မရာတစ်လုံးကို AI နည်းပညာကိုအသုံးပြု၍     ပေါင်းစပ်ထုတ်လုပ်ထားခြင်းဖြစ်သည်။ အဆိုပါ အလိုအလျောက်ထိန်းချုပ်စစ်ဆင်ရေးလက်နက်စနစ်အနေဖြင့် လူသား(စစ်သည်များ)၏ ထိန်းချုပ်မှုပါဝင်ခြင်း မရှိဘဲ ပစ်မှတ်များကို ကိုယ်တိုင်ဆုံးဖြတ်၍ ပစ်ခတ်နိုင်မည်ဖြစ်သည်ဟု ရုရှားစစ်ဘက်က ထုတ်ပြန်ထားသည်။ ထို့ပြင် မှတ်ဉာဏ်တုနည်းပညာသည် ရုရှားနိုင်ငံတစ်နိုင်ငံအတွက်သာမက လူသားမျိုးနွယ်စုအားလုံးအတွက် အနာဂတ်ဖြစ် သည်ဟု  ရုရှားသမ္မတ ဗလာဒီမာပူတင်က ကျယ်ကျယ်ပြန့်ပြန့် လက်ခံယုံကြည်ထားခြင်းကြောင့်  ရုရှားနိုင်ငံသည်  အဆိုပါမှတ်ဉာဏ်တုနည်းပညာကို စစ်ဆင်ရေးတွင် အသုံးပြုနိုင်ရန် မည်မျှကြိုးပမ်းနေသည်ကို လက်တွေ့သက်သေပြသလျက်ရှိသည် ဟုလည်းဆိုနိုင်သည်။ မှတ်ဉာဏ်တုနှင့်စပ်လျဉ်း၍ ရုရှားကလက်ခံယုံကြည်ထားသည့် အဓိကအချက်မှာ မှတ်ဉာဏ်တုနည်းပညာတွင် အနိုင်ရရှိသူသည် ကမ္ဘာကြီးကို စိုးမိုးထိန်းချုပ်မည့်သူဖြစ်သည်ဟူ၍  ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရပါမူ နိုင်ငံ တစ်နိုင်ငံက မှတ်ဉာဏ်တုနည်းပညာကို ပိုင်ဆိုင်ပြီး   ကောင်းစွာအသုံးချနိုင်ပါက ရန်သူများအပေါ် အောင်နိုင်မည်ဖြစ်ကြောင်း ကိုဆိုလိုခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ခြေလှမ်းများ

မှတ်ဉာဏ်တုနည်းပညာတွင် ရှေ့ဆုံးမှဦးဆောင်ခြင်းသည် အနာဂတ်ကမ္ဘာ့စစ်ရေးနှင့် စီးပွားရေး ပြိုင်ဆိုင်မှုများအတွက် အရေးပါကြောင်းကို သမ္မတရှီကျင့်ဖျင်ဦးဆောင်သည့် တရုတ်အစိုးရက ယုံကြည်နေသည်ဟု အမေရိကန်အစိုးရက ပြီးခဲ့သည့် နှစ်များအတွင်းက တရားဝင်ထုတ်ပြန်ထားသည်။ တရုတ်စစ်ဘက်မှအရာရှိကြီးများ၏ သဘောထားမှာ  တရုတ်နိုင်ငံနှင့်  အခြားကမ္ဘာ့ အင်အားကြီးနိုင်ငံများကြားရှိ စွမ်းဆောင်ရည်ကွာဟချက်ကို လျှော့ချရန်အတွက် AI နည်းပညာကို အသုံးချရန်ဖြစ်သည်။

တရုတ်အစိုးရသည်၂၀၁၃ ခုနှစ်မတိုင်မီက ၎င်းတို့၏ကာကွယ်ရေး ပစ္စည်းဝယ်ယူမှုကို  လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီကြီး အချို့မှဝယ်ယူခဲ့သော်လည်း ၂၀၁၇ ခုနှစ်မှစ၍  မောင်းသူမဲ့လေယာဉ်များနှင့်  မှတ်ဉာဏ်တုနည်းပညာသုံးလက်နက်စနစ်များစသည့် အထိအခိုက်မခံသည့် နည်းပညာသုံးလက်နက်များကို ပုဂ္ဂလိကကုမ္ပဏီများထံမှဝယ်ယူလာခဲ့သည်။ တရုတ်နိုင်ငံအတွင်းရှိ ပြည်နယ်တစ်ခုကပင် AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်    ဒေါ်လာ ၅   ဘီလီယံရင်းနှီးမြှုပ်နှံမည်ဟု ကြေညာခဲ့သည်။ ထို့ပြင် တရုတ်အစိုးရသည် နိုင်ငံ အတွင်း၌  AI နည်းပညာဆိုင်ရာ ပန်းခြံတစ်ခုကိုပါ ၂၀၁၈ ခုနှစ်အတွင်းက ပေကျင်းမြို့၌    တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်သည်။

တရုတ်အစိုးရသည်     အဆိုပါပန်းခြံတည်ဆောက်ရေးအတွက် ယွမ် ၁၃ ဒသမ ၈ ဘီလီယံ(ဒေါ်လာ ၂ ဒသမ ၁၂ ဘီလီယံ)အထိအသုံးပြုခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံသည် AI နည်းပညာအတွက် လာမည့် ၂၀၂၆ ခုနှစ်တွင် ဒေါ်လာ ၁၅ ဘီလီယံကျော်ရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိသည်။