ကာကွယ်ရေးစနစ်အားလုံးကို ထိုးဖောက်နိုင်စွမ်းရှိသော ဟိုက်ပါဆောနစ်ဒုံးကျည်အသစ်ကို မကြာမီပြသမည်

            အီရန်သည် ကာကွယ်ရေးစနစ်အားလုံးကို ထိုးဖောက်နိုင်စွမ်းရှိသော အသံထက်မြန်သည့် ဟိုက်ပါဆောနစ်ဒုံးကျည်အသစ်ကို စမ်းသပ်မှုပြီးဆုံးကြောင်း မေလ ၂၉ ရက်တွင် ကြေညာခဲ့ပြီး မကြာမီထုတ်ဖော်ပြတော့မည်ဖြစ်ကြောင်း သိရှိရပါသည်။

          အဆိုပါဖွံ့ဖြိုးတိုးတက်မှုသည် ဒုံးကျည်နယ်ပယ်၌ ကြီးမားသောတိုးတက် ပြောင်းလဲမှုတစ်ခုဖြစ်ပြီး အသံထက်မြန်သည့် ဟိုက်ပါဆောနစ်ဒုံးကျည်သည် မြန်နှုန်းမြင့်ပြီး ကမ္ဘာ့လေထုအတွင်းသာမက အပြင်၌လည်းပျံသန်းနိုင်သည်ဟု အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်၏ အာကာသတပ်ဖွဲ့မှူး ဗိုလ်ချုပ်ကြီး အမီယာအလီဟာဂျီဇာဒီက ပြောကြားခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင်လည်း ဟိုက်ပါဆောနစ်ဒုံးကျည်၏ ဖွံ့ဖြိုးတိုးတက်မှုကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ဟိုက်ပါဆောနစ်ဒုံးကျည်သည် ဒုံးကျည်ကာကွယ်ရေးစနစ်အားလုံးကို ချိုးဖောက်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ ၎င်းကို ကြားဖြတ်ဟန့်တားနိုင်သောစနစ်တစ်ခု တီထွင်နိုင်ပြီး ဆယ်စုနှစ်များစွာ အချိန်ယူရဦးမည်ဟုယူဆကြောင်း ဗိုလ်ချုပ်ကြီး အမီယာအလီဟာဂျီဇာဒီ က ပြောကြားခဲ့ပါသည်။

          သာမန်နျူကလီးယားလက်နက်များ သယ်ဆောင်နိုင်သည့် သမားရိုးကျ ဘော်လစ်စတစ်ဒုံးကျည်များကဲ့သို့ ဟိုက်ပါဆောနစ်ဒုံးကျည်များသည် အသံ၏ အမြန်နှုန်းထက် ငါးဆကျော်ပျံသန်းနိုင်ကြောင်း၊ ဟိုက်ပါဆောနစ်ဒုံးကျည်သည် ရွေ့လျားစစ်ကစားနိုင်စွမ်းလည်းရှိပြီး ၎င်းကိုခြေရာခံရန်နှင့် ခုခံကာကွယ်ရန် ပိုမို ခက်ခဲစေကြောင်း၊ အမေရိကန်နှင့် အစ္စရေးကဲ့သို့သောနိုင်ငံများသည် ခရုဇ်နှင့် ဘော်လစ်စတစ်ဒုံးကျည်များကိုကာကွယ်ရန်ပုံစံထုတ်ထားသည့်စနစ်များကို တီထွင် ထားသော်လည်း အသံထက်မြန်သည့်ဒုံးကျည်ကို ခြေရာခံနိုင်မှုနှင့် ချေမှုန်းနိုင်စွမ်းမှာ မေးခွန်းထုတ်စရာဖြစ်နေသေးကြောင်း သိရှိရပါသည်။

          ပြီးခဲ့သည့်သီတင်းပတ်အတွင်း အီရန်သည် အစ္စရေး၏နယ်မြေများကို တိုက်ခိုက်ရန် လုံလောက်သောအကွာအဝေးရှိသည့် ၂၀၀၀ ကီလိုမီတာရောက်ရှိသော အခြားဘော်လစ်စတစ်ဒုံးကျည်အမျိုးအစားတစ်ခုကို ထုတ်ဖော်ပြသခဲ့ကြောင်း၊ Khorramshahr ဒုံးကျည်၏ နောက်ဆုံးပုံစံဖြစ်သော Kheibar ဒုံးကျည်ကို နိုင်ငံပိုင် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဂျေရုဆလင်မြို့ဟောင်းရှိ အာလ်အက်ဆာ ဗလီ၏ပုံစံတူနှင့်အတူ မေလ ၂၅ ရက်တွင် ထုတ်ဖော်ပြသခဲ့ကြောင်း၊ နိုင်ငံပိုင် ရုပ်မြင်သံကြားသည် ဒုံးကျည်ပစ်လွှတ်မှုဟုပြောကြားသည့် စက္ကန့်အနည်းငယ်ကြာ မှတ်တမ်းဗီဒီယိုထုတ်လွှင့်ပြသမှုနှင့်အတူ ဒုံးကျည်ကို အောင်မြင်စွာစမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း အီရန်က ပြောကြားခဲ့ပါသည်။