ဇွန်လ ၁ ရက်နေ့ မှုခင်းသတင်းများ

မေလ ၁၁ ရက်နေ့တွင် ဖားဆောင်းမြို့သို့ သွားရောက်နေထိုင်ခဲ့သော ဘောလခဲခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူးရုံးမှ လ/ထ ညွှန်ကြားရေးမှူး ဦးစံမြနှင့် အဆိုပါရုံးမှ ယာဉ်မောင်းဖြစ်သူ ဦးထက်မြတ်ဦးတို့ ၂ ဦးသည် ဌာနပိုင်ဆိုင်ကယ် ၂ စီးဖြင့် မေလ ၃၀ ရက်နေ့ ၁၀၀၀ နာရီတွင် လမ်းကြုံလိုက်ပါလာသူ ဦးဇာနည်အောင် (၃၈) နှစ်နှင့်အတူ လစာထုတ်ရန်အတွက် ဘောလခဲမြို့သို့ထွက်ခွာလာစဉ် ၁၂၀၀ အချိန်ခန့်တွင် ဘောလခဲ- ဖားဆောင်း ကားလမ်းမကြီး မိုင်တိုင် ၅၆ နေရာအရောက်၌ အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရ။

မေလ ၃၁ ရက်နေ့တွင် ၁၆၁၅ နာရီခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာနေ ရပ်/ကျေးအငယ်တန်းစာရေး ဒေါ်ဆွေဆွေမိုး (၄၈) နှစ်သည် သောကြာပြင်ကျေးရွာနေ အစ်ကိုဖြစ်သူ ဦးကြည်ဝင်း၏နေအိမ်၌ သမီးဖြစ်သူ မဆွေဇင်လင်းလက် (၉) နှစ်နှင့်အတူရှိနေစဉ် အကြမ်းဖက်သမား ၂ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဒေါ်ဆွေဆွေမိုးသည် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့်သေဆုံးခဲ့။