Heat Stroke (သို့) အပူဒဏ်ကြောင့် သတိလစ်ခြင်း

အပူဒဏ်အရမ်းများတဲ့ နေပူရှိန်များတဲ့ နေရာဒေသတွေမှာ အပူဒဏ်အရမ်းပြင်းတာကြောင့် အပူရှပ်တာ၊ Heat stroke ဖြစ်တာတွေကို ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် ကာကွယ်ရမယ့် နည်းလမ်းတွေ သတိပြုရမယ့် အချက်တွေကို သိရှိနိုင်အောင် ကူးယူဖော်ပြပေးလိုက်ပါတယ်ရှင့်…

Heat Stroke (သို့) အပူဒဏ်ကြောင့် သတိလစ်ခြင်း ကို ကာကွယ်ကြမယ်။ တဖြည်းဖြည်း အပူရှိန်မြင့်မားလာတဲ့ နွေရာသီရောက်လာတဲ့အခါ အပူဒဏ်ကြောင့် ကျန်းမာရေးပြဿနာတွေ အများကြီး ဖြစ်လာရပါတယ်။ အဲဒီအထဲမှာမှ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အပူဒဏ်ကြောင့် ဖြစ်တဲ့ သတိလစ်ခြင်းကို အထူးသတိပြုကာကွယ်ဖို့ လိုအပ်လာပါတယ်။

အပူဒဏ်ကြောင့် ဖြစ်တဲ့ သတိလစ်ခြင်းကို ကြိုတင်ကာကွယ်နိုင်သလို စောစောသိပြီး ကုသမယ်ဆိုရင်လည်း အမြန်ပြန်ကောင်းနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ အဓိက အနေနဲ့ အပူဒဏ်ကြောင့် သတိလစ်ခြင်း ကို စောစောသိနိုင်အောင် သတိထားရမယ့် လက္ခဏာတွေ၊ ဘယ်လိုတွေ လုပ်ဆောင်သင့်တယ်ဆိုတဲ့ အချက်လေးတွေနဲ့ မဖြစ်အောင် ဘယ်လို ကာကွယ်ရမယ်ဆိုတာလေးကို မျှဝေပေးသွားချင်ပါတယ်။

အပူဒဏ်ကြောင့် သတိလစ်ခြင်းဆိုတာဘာလဲ။

အပူဒဏ်ကြောင့် သတိလစ်ခြင်းဆိုတာ ခန္ဓာကိုယ်ရဲ့ အပူချိန်ဟာ ၁၀၄ ဒီဂရီ ဖာရင်ဟိုက်ထက် ပိုများသွားပြီး ခန္ဓာကိုယ်ကမထိန်းညှိနိုင်တော့ဘဲ တက်ခြင်း၊ သတိလစ်ခြင်း စတဲ့ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာတွေဖြစ်လာနိုင်တဲ့ အပြင် အသက်ဆုံးရှုံးတဲ့ အထိဖြစ်နိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

အပူဒဏ်ကြောင့် သတိလစ်ခြင်းနဲ့ ပတ်သတ်ပြီး စောစီးစွာ သိနိုင်မယ့် ရောဂါလက္ခဏာများ

ကြွက်တက်ခြင်း။အပူကြောင့် မူးဝေခြင်း။ခေါင်းကိုက်ခြင်း။ပင်ပန်းနွမ်းနယ်ပြီး မအီမသာဖြစ်ခြင်း။

ဖော်ပြပါ လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ နောက်ဆက်တွဲ သတိလစ်ခြင်း နဲ့ အသက်အန္တရာယ် ဆုံးရှုံးတဲ့အထိ မဖြစ်ရအောင် အမြန်ဆုံး အောက်ပါအချက်တွေကို လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

  • နေပူထဲမှာရှိနေမယ်ဆိုရင် အရိပ်ရပြီး လေကောင်းလေသန့်ရတဲ့ နေရာကို အရင်ဆုံးရွှေ့ပြောင်းပါ။
  • ရေ နဲ့ ဆားဓာတ်ကို များများပြန်ဖြည့်ပေးဖို့ ရေ၊ ဓာတ်ဆားများများသောက်ပါ။

အဲဒီ အချက်တွေကို သေသေချာချာလိုက်နာမယ် ဆိုရင်တော့ အပူဒဏ်ကြောင့် သတိလစ်ခြင်းအဆင့်ထိ မရောက်ဘဲ အမြန်သက်သာလာနိုင်ပါတယ်။

ဘယ်အချိန်မှာဆေးရုံ၊ ဆေးခန်းကို သွားသင့်လဲ။

အထက်ပါ လက္ခဏာတွေအပြင်

  • ပျို့အန်ခြင်း
  • ကိုယ်အပူချိန် အရမ်းတက်လာခြင်း
  • အသားအရောင် ဖြူဖျော့လာခြင်း
  • ချွေးအလွန်အကျွံထွက်ခြင်း
  • အသက်ရှူမြန်ခြင်းစတဲ့ ရောဂါလက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ အမြန်ဆုံး ဆေးရုံကိုမသွားခဲ့ရင် အပူဒဏ်ကြောင့် သတိလစ်မေ့မျောခြင်းတွေ ဆက်ဖြစ်လာနိုင်ပါတယ်။

အပူဒဏ်ကြောင့် သတိလစ်ခြင်းဟာ အရေးပေါ်အခြေအနေ တစ်ခု ဖြစ်တဲ့ အတွက် အသက်ဆုံးရှုံးတဲ့ထိ မဖြစ်ရအောင် အနီးဆုံး အမြန်ဆုံး ဆေးရုံ၊ ဆေးခန်း သွားပြီး ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာဖို့ အရမ်းအရေးကြီးပါတယ်။

Heat Stroke (သို့) အပူဒဏ်ကြောင့် သတိလစ်ခြင်း ကို ကာကွယ်ကြမယ်။

ဘယ်လို ကာကွယ်ကြမလဲဆိုတော့

နေရောင်အောက်မှာ တစ်နေကုန် အလုပ်လုပ်တာကို ရှောင်သင့်ပါတယ်။ လုပ်ကို လုပ်ရမယ်ဆိုရင်တော့ အရိပ်ရပြီး လေကောင်းလေသန့်ရတဲ့နေရာမှာ မကြာခဏ အနားယူပေးရပါမယ်။နွေရာသီမှာ အဝတ်အစားတွေကို အသားအေးပြီး ချောင်ချောင်ချိချိ တွေ ဝတ်ဖို့ အကြံပေးချင်ပါတယ်။ အနက်ရောင်တွေ၊ အရောင်ရင့်ရင့်တွေက အပူကို ပိုပြီး စုပ်ယူနိုင်တဲ့ အတွက် အဖြူ (သို့) အရောင် ဖျော့ဖျော့လေးတွေ ဝတ်သင့်ပါတယ်။ နေရောင်နဲ တိုက်ရိုက်ထိတွေ့တဲ့အချိန်မျိုးမှာ ပေါ့ပါးတဲ့ ဦးထုပ်တစ်ခုခုဆောင်းဖို့လည်း အားပေးပါတယ်။အရမ်းပူတဲ့ အချိန် (အထူးသဖြင့် နေရောင်အောက်) မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာ၊ Aircon လေအေးပေးစက် မဖွင့်ထားဘဲ အရမ်းပူတဲ့ အလုံပိတ်ကားထဲမှာ အကြာကြီးထိုင်နေမိတာမျိုးကိုလည်း သတိထားပြီး ရှောင်ကြဉ်သင့်ပါတယ်။နောက်ထပ် အရေးကြီးဆုံးတစ်ချက်ကတော့ ရေများများသောက်ပေးဖို့ပါ။ ရေဓာတ်ခမ်းခြောက်နေမယ်ဆိုရင် အပူဒဏ်ကြောင့် သတိလစ်ခြင်း ပိုဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ရေဓာတ်ပြည့်ဝအောင်နေဖို့က အရေးကြီးပါတယ်။ နေပူထဲမှာ အလုပ်လုပ်ရတဲ့ သူတွေအတွက်လည်း ရေနဲ့ ဓာတ်ဆားတွေကို ဆောင်ထားပြီး သတိတရ သောက်ပေးဖို့ အကြံပေးချင်ပါတယ်။လူကြီးတွေနဲ့ ကလေးငယ်တွေ၊ ရောဂါ အခံရှိသူတွေ၊ အဝလွန်တဲ့သူတွေ၊ အရက်အများကြီး သောက်သုံးထားတဲ့သူနဲ့ အေးတဲ့ ဒေသမှာ နေထိုင်ပြီး အခုမှ အပူပိုင်းဒေသမှာ ပြောင်းရွှေ့အလုပ်လုပ်တဲ့သူ စတဲ့သူတွေမှာ အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်နိုင်ခြေ ပိုများတာကြောင့် အဲလို လူတွေအနေနဲ့ပိုပြီး ဂရုစိုက်ပေးသင့်ပါတယ်။

လူသားအားလုံး ပူပြင်းတဲ့ နွေရာသီမှာ အပူကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြသနာတွေကို ကာကွယ်နိုင်ကြပါစေ။

ဟယ်လို ဆရာဝန်မှ ရေးသားသူ- Phoo Ngon