FDA မှ တားမြစ်ထားသည့် အစားအသောက် ၁၄မျိုး

အစာအိမ်၊ အသည်း၊ ကျောက်ကပ် ပျက်စီးခြင်း နှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်သည့် အစားအသောက်(၁၄)မျိုးကို စားသုံးခြင်းမပြုရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်

ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးခဲ့ရာ အစားအသောက်(၁၄)မျိုးတွင် စားသုံးများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ခွင့်မပြုဆိုးဆေးများ ပါဝင်နေမှုနှင့် ခွင့်ပြုအစားအ သောက် ထပ်ဖြည့်ပစ္စည်းများအား သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန်သုံးစွဲထားကြောင်း သိရသည်။

FDA Myanmarမှ စားသုံးရန် တားမြစ်ထားသည့် အစားအသောက်များမှာ စံထိပ်ထား အမှတ်တံဆိပ်ပါ မြန်မာ့ရိုးရာပုန်းရည်ကြီး၊ အေဇွန် အမှတ်တံဆိပ်ပါ ဆားချိုသီးနှင့် သစ်သီးယိုစုံ၊ တော်ဝင် အမှတ်တံဆိပ်ပါ သစ်သီးယိုစုံနှင့် HITO အမှတ်တံဆိပ်ပါ မန်ကျည်းတော်ဖီတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Furity အမှတ်တံဆိပ် အချိုရည်၊ တရုတ်စာသားပါ အမှတ်တံဆိပ် strawberry juice၊ တရုတ်စာသားပါ အမှတ်တံဆိပ် အချိုရည်၊ Queen အမှတ်တံဆိပ်ပါ Preserved in Sugar Chery ၊ Fancy အမှတ်တံဆိပ်ပါ Juice & Jelly (၂)မျိုး၊ ယိုစုံ၊ Funny Castle အမှတ်တံဆိပ်ပါ Raisin (ချစ်သူစပျစ်သီးခြောက်)၊ ဒွါရာဝတီရှယ် အမှတ်တံဆိပ်ပါ အသင့်စား ရခိုင်ငပိထောင်းနှင့် Spring’s City sesame oil အမှတ်တံဆိပ်ပါ နှမ်းဆီတို့ဖြစ်ကြောင်း သိရသည်။

အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုထားသော ဆိုးဆေးများ၊ ခွင့်မပြုတာရှည်ခံ ဓာတုပစ္စည်းများကို လုံးဝအသုံးမပြုရန်၊ ခွင့်ပြုအစားအသောက်ထပ်ဖြည့်ပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။