အောင်နန်းရိပ်သာအနောက်ရပ်ကွက်ရှိ “စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေး” ဆိုင်ရှေ့၌ ဓားပြတိုက် လုယက်မှု ဖြစ်ပွား

၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက် ၁၇၁၅ နာရီခန့်တွင် မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ အကွက်အမှတ်(၅၇၅)၊ ၈၅ (A)လမ်း၊ ၃၁ x ၃၂  လမ်းကြားရှိ “စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေး” ဆိုင်ရှေ့၌ ရွှေဆိုင်ဝန်ထမ်း ၂ ဦးမှ ငွေကျပ်သိန်း ၁၅၀၀ အား စိန်သရဖူ ရွှေသန့်စင်လုပ်ငန်းသို့ ပို့ဆောင်ရန် Hijet ယာဉ်ပေါ်သို့ တင်ဆောင်နေစဉ် စိစစ်ဆဲ ကျား ၃ ဦးသည် မော်တော် ယာဉ် ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုသေနတ်ဖြင့် ၂ ချက် မိုးပေါ်ပစ်ဖောက်ကာ ငွေကျပ် သိန်း ၁၂၀၀ အား ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့ပါသည်။

       လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဖြစ်စဉ်နေရာသို့ သွားရောက် ကြည့်ရှု့စစ်ဆေး ခဲ့ရာဆိုင်အတွင်း တပ်ဆင်ထားသည့် CCTV မှတ်တမ်းများအရ စိစစ်ဆဲ ကျား ၃ ဦးသည် ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ငွေကြေးများအား ယာဉ်အမှတ်၊ YGN-5D/2975 Nissan March (အနက်ရောင်) ယာဉ်ဖြင့် သယ်ဆောင်ထွက်ခွာသွားကြောင်း သိရှိရသည်။ ဓားပြတိုက်လုယက်သူများ စီးနင်းလိုက်ပါသွားသည့် ယာဉ်အား စုံစမ်း စစ်ဆေးရှာဖွေ ခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၁ လမ်း၊ ၁၃၅ x ၁၃၆ လမ်းကြားရှိ ခြံဝင်းအတွင်း ဆက်စပ်တရားခံ တင်စိုးနှင့် ကျော်တင်ဦး(ခ)ငပိန်တို့ ၂ ဦးအား ဓားပြတိုက်လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်နှင့်အတူ ဖြစ်စဉ်ဖြစ်ပွားပြီး နာရီပိုင်း အတွင်း ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ မတ်လ ၂၈ ရက် ညပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ရွာလမ်း၊ အကွက်အမှတ်၊ ၈၆၂ တွင် တရားခံ ဆန်းဝင်း အား ဖမ်းဆီးရမိခဲ့ပြီး အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ ဓနုံးကျေးရွာ၌ ဖမ်းဆီးရန်ကျန် တရားခံ ကျော်နိုင် ၏ နေအိမ်မှ Sigsauer ပစ္စတို ၁ လက်၊ Glock ပစ္စတို ၁ လက်၊ ခြောက်လုံးပြူး ၁ လက်၊ ၉ မမကျည် ၄၃ တောင့်၊ ဓားပြတိုက်လုယက် မှုတွင် ပါရှိသွားသည့် ငွေကျပ် သိန်း ၆၀၀ ၊ ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်မှုန့် ၂၂၈၀ ဂရမ်နှင့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀,၀၀၀ ပြားတို့အား သိမ်းဆည်း ရမိခဲ့သည်။

ထို့အပြင် ဖမ်းဆီးရမိတရားခံ ဆန်းဝင်း ၏ ထွက်ဆိုချက်အရ ပြည်ကြီးတံခွန် မြို့နယ်၊ ၁၄၂ လမ်း၊ ၆၁ x ၆၂ လမ်းကြား၌ တရားခံ တင်စိုး(ခ)ရခိုင် အား ဓားပြတိုက် လုယက်မှုတွင် ပါရှိသွားသည့် ငွေကျပ် ၂၃၅ သိန်းနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။