စက်မှုလယ်ယာအတွက် အလှည့်အပြောင်းဖြစ်လာမယ့် နွားချေးစွမ်းအင်သုံးထွန်စက်

အရင်တုန်းကတော့ လယ်ယာလုပ်ငန်းအတွက် ကျွဲတွေ၊ နွားတွေကိုအသုံးပြုပြီး လက်မှုလယ်ယာအဖြစ်   လုပ်ဆောင်ခဲ့ပါတယ်။  အခုတော့  စက်ကိရိယာတွေကို အသုံးပြုတဲ့ စက်မှုလယ်ယာခေတ်ကိုရောက်လာပါပြီ။

စက်မှုလယ်ယာခေတ်ရောက်တော့ အချိန်ကုန်သက်သာသွားတယ်။    လူပင်ပန်းမှုနည်းပါးသွားတယ်။ ဒါပေမဲ့ စက်ကိရိယာတွေအတွက် စက်သုံးဆီအသုံးပြုရတာကြောင့် ကုန်ကျစရိတ်တော့ အနည်းငယ်ပိုသွားပါတယ်။

ဒါ့အပြင်     သူ့ရဲ့နောက်ဆက်တွဲအကျိုးဆက်တစ်ခုကတော့  စက်ကိရိယာတွေကနေထွက်လာတဲ့ အဆိပ်သင့်ဓာတ်ငွေ့ တွေကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတာပါပဲ။

အခုတော့   စက်မှုလယ်ယာအတွက် အလှည့်အပြောင်းဖြစ်စေမယ့်အရာတစ်ခုထွက်ပေါ်လာပါပြီ။ အဲဒါကတော့ လောင်စာဆီစွမ်းအင်သုံးထွန်စက်တွေအစား နွားချေးစွမ်းအင်သုံးထွန်စက်ကို ဖန်တီးတီထွင်လိုက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

နွားချေးစွမ်းအင်သုံးထွန်စက်ကို Bennamann အမည်ရှိ ဗြိတိန်ကုမ္ပဏီတစ်ခုဖန်တီးထုတ်လုပ်လိုက်တာပါ။   သူတို့ ထုတ်လုပ်လိုက်တဲ့ မြင်းကောင်ရေ ၂၇၀ အားရှိ   နွားချေးစွမ်းအင်သုံးထွန်စက်က အလားတူ မြင်းကောင်ရေရှိတဲ့ ဒီဇယ်စွမ်းအင်သုံးထွန်စက်နဲ့    စွမ်းဆောင်ရည်ချင်းယှဉ်နိုင်တယ်လို့ မီဒီယာတွေက အကျယ်တဝင့်ဖော်ပြထားကြပါတယ်။

ဒီထွန်စက်အတွက် နွားချေးကနေထွက်ရှိတဲ့ မီသိန်းဓာတ်ငွေ့ကို  အဓိကအသုံးပြုထားတာပါ။  တစ်နည်းဆိုရရင်  ဒီလိုအသုံးပြုခြင်းက  ဂေဟစနစ်လည်ပတ်မှုအတွက် များစွာကောင်းမွန်အထောက်အကူပြုစေပါတယ်။

လယ်ယာလုပ်ငန်းကနေထွက်ရှိတဲ့ ကာဗွန်အကြွင်းအကျန်တွေက    ရေရှည်ကြွင်းကျန်ရစ်နေမယ့်   အရာတွေဖြစ်ပါတယ်။ ဒါပေမဲ့လည်း   လယ်သမားများကတော့ သူတို့အလုပ်ပိုတွင်စေဖို့အတွက်  အဆက်မပြတ်လည်ပတ်နိုင်မယ့်   ထွန်စက်တွေကို လိုချင်နေပါတယ်။

ဒီအတွက် အကောင်းဆုံးရွေးချယ်စရာ နည်းလမ်းကတော့     မြင်းကောင်ရေ အားကောင်းကောင်းနဲ့ လည်ပတ်နိုင်ပြီး တစ်ဖက်မှာလည်း  ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကင်းစင်တဲ့ ထွန်စက်တစ်စီးပါပဲ။

အဲဒီလိုအပ်ချက်တွေနဲ့ပြည့်စုံစေမယ့် ထွန်စက်တစ်စီးကိုတော့ Bennamann  ကုမ္ပဏီကဖန်တီးပြီး   နှစ်အနည်းငယ်ကြာ စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒီလိုစမ်းသပ်မှုမှာ    တစ်နှစ်အတွင်းကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုက  ပုံမှန်အားဖြင့်  မက်ထရစ်တန် ၂၅၀၀ ကနေ မက်ထရစ်တန် ၅၀၀ အထိကို လျှော့ချလိုက်နိုင်တာ တွေ့ရပါတယ်။

စမ်းသပ်ရာလယ်ကွင်းရှိ   ဇီဝမီသိန်းသိုလှောင်ရုံတစ်ခုအတွင်းမှာ နွားအကောင်ရေ ၁၀၀ အောက်နည်းတဲ့ နွားအုပ်ကနေထွက်ရှိတဲ့  နွားချေးတွေကိုအသုံးပြုပြီး  မီသိန်းဓာတ်ငွေ့ကိုထုတ်လုပ်ပါတယ်။

ထွန်စက်မှာတော့ သာမန်ဆီတိုင်ကီအစား အအေးလွန်သိုလှောင်ကန်ကို တပ်ဆင်ထားပါတယ်။  အဲဒီသိုလှောင်ကန်က  မီသိန်းဓာတ်ငွေ့တွေကို အပူချိန်အနုတ် ၁၆၂ ဒီဂရီစင်တီဂရိတ်မှာ ထိန်းသိမ်းထားနိုင်စေတာကြောင့် ဒါဟာ သန့်ရှင်းစွမ်းအင်အရင်းအမြစ်တစ်ခုကိုဖန်တီးပေးနိုင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

အဲဒီထွန်စက်ဟာ   ဒီဇယ်စွမ်းအင်သုံးထွန်စက်တွေနဲ့စွမ်းဆောင်ရည်အပိုင်းမှာ ယှဉ်နိုင်ပေမယ့် ဖန်လုံ အိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုမှာတော့    ဒီဇယ်အင်ဂျင်တွေနဲ့ လုံးလုံးလျားလျားကွဲပြားတာကြောင့် ကမ္ဘာ့ ပထမဆုံးဖြစ်တဲ့   နွားချေးစွမ်းအင်သုံး ထွန်စက်ဟာ စက်မှုလယ်ယာလုပ်ငန်းအတွက် တကယ့်ကို    အလှည့်အပြောင်းတစ်ခုဖြစ်လာတော့မှာဖြစ်ပါတယ်။