ကျွန်မတို့ မြန်မာလူမျိုးအတော်များများဟာ ခေါင်းအုံး၊ မွေ့ယာ ၊ ဖက်လုံး စတာတွေကို လဲမှို့ များနဲ့ပြုလုပ်ပြီးတော့ ခေါင်းအုံးတစ်လုံး၊ ဖက်လုံးတစ်လုံးကို အချိန်အတော်အကြာ အသုံးပြုလေ့ရှိကြပါတယ်
မှို့ နဲ့မှ အေးတာ ဆိုတဲ့ အစွဲ ၊ ငါ က ခေါင်းအုံးပြောင်းရင် မအိပ်တတ်ဘူး ဆိုတဲ့အစွဲတွေကြောင့် ခေါင်းအုံးတစ်လုံးကို နှစ်ပေါင်းများစွာ အသုံးပြုကြတာ ကိုတွေ့ဖူးပါတယ်။
နယ်မှာတော့ ခေါင်းအုံးတွေကို နေလှန်းပေးတာ၊ အုံးတာကြာလို့ အိသွားတဲ့ခေါင်းအုံးတွေကို မှို့အသစ်ထည့် ပြီး ပြန်ချုပ်တာမျိုးတွေ လုပ်ကြတာ မြင်ဖူးပေမဲ့ ကျွန်မနေတဲ့ ရန်ကုန်မြို့လိုမျိုး အလင်းရောင်နဲ့ လေကောင်းလေသန့် သိပ်မရတဲ့ တိုက်ခန်း​ေနသူတွေအဖို့ ခေါင်းအုံးနဲ့ မွေ့ယာတွေကို နေပြဖို့ဆိုတာ မလွယ်ကူလှပါဘူး
အိပ်နေတုန်းမှာ ခေါင်းကထွက်တဲ့ချွေးနဲ့ သွားရေဟာ ကြာလာတဲ့အခါ ခေါင်းအုံးတွေမှာ ဝါကျင့်ကျင့် အကွက်လိုက်တွေ ဖြစ်နေတတ်ပါတယ်
ခေါင်းအုံးတွေ ဖက်လုံးတွေမှာ အဲသလို ဝါကျင့်ကျင့် နှင့် အကွက်တွေပေါ်နေပြီဆိုရင်တော့ မသုံးသင့်တော့ပါဘူး
ကျွန်မရဲ့အမေမှာ ရင်ကြပ်တဲ့ဝေဒနာနဲ့ ချောင်းဆိုးနေခဲ့တာ တစ်နှစ်လောက် ရှိပါပြီ
လွန်ခဲ့တဲ့လကဆိုရင် ရာသီဥတုကလည်း နေပူလိုက် မိုးရွာလိုက်မို့ Humidity (စိုထိုင်းဆ) မြင့်ပြီး Virus ပေါက်ပွား​ေစတဲ့ရာသီဖြစ်တာကြောင့် အမေ့ရဲ့ ရင်ကြပ်ဝေဒနာဟာ သက်သာမလာဘဲ ညစဥ် ညစဥ် လုံးဝ အိပ်မရတဲ့အထိတောင် ဖြစ်လာခဲ့ပါတယ်
Covid ကာလမှာ ဆေးရုံသာ ခေါ်သွားရင် ချောင်းဆိုးလို့ ရောက်လာတာကြောင့် Covid သံသယ လူနာစာရင်းထဲထည့်ပြီး တခြားဝေဒနာ သည်တွေနဲ အတူတူထားရာကနေ ရောဂါကူးပြီးတော့ ပစ်လိုက်ရနိုင်ပါတယ်
ကြံရာမရဖြစ်မိတဲ့အဆုံး ကျွန်မပြနေကျ ပြင်သစ်ဆရာဝန်ဆီ ဖုန်းဆက်တော့မှ သူ့ဆေးခန်းဖွင့်ထားပေးတာသိရလို့ အမေ့ကို သူ့ဆီခေါ်သွားခဲ့ပါတယ်
ပြန်လည်စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး လိုအပ်တဲ့ဆေးဝါးကိုလည်း ဆေးခန်းကပဲ တစ်လစာ စီစဥ်ပေးခဲ့တာကြောင့်၊ လျှင်မြန်လွယ်ကူစွာပဲ သက်သာလာပါတယ်
အဲအချိန်မှာ ကျွန်မ သတိပြုမိတာက အမေ့ရဲ့အိပ်ယာနဲ့ခေါင်းအုံးဟာ အတော်ကြီး ဟောင်းနွမ်းနေတာကိုပါပဲ။ ဘယ်လောက်ကြာနေမှန်းတောင်မသိတော့ပါဘူး
ကျွန်မကိုယ်တိုင် Bronchitits ရှိသူ​ဖြစ်ပြီး တစ်နေ့ကို ၃/၄ ခါလောက်တာ့ ချောင်းဆိုးတတ်သူမို့ အိပ်ယာခင်း၊ စောင်၊ ခေါင်းအုံးမွေ့ယာကို သန့်ရှင်းပြီးအနံ့အသက်မရှိအောင်ဂရုစိုက်ရပါတယ်။ အမေနဲ့ အိမ်ခွဲနေတာ ၁၀ နှစ်ကျော်ပြီမို့ အမေနေမကောင်းမှပဲ အမေ့ အိပ်ယာနဲ့ ခေါင်းအုံးတွေကို သေချာ ကြည့်ဖြစ်ပါတယ်။
ကပ်စေးနဲတဲ့အမေ့ကို အမေ့ခေါင်းအုံးတွေ အိပ်ယာတွေ လဲလိုက်လို့ပြောရင် လဲမှာမဟုတ်မှန်းလည်းသိ၊ အကျိုးအကြောင်းပြောလဲ ခေါင်းမာတဲ့အမေက လက်ခံမယ်မဟုတ်မှန်းလည်း သိတာကြောင့် ရန်ဖြစ်ခြင်းနဲ့ အဆုံးသတ်ရမယ့်အတူတူ ဉာဏ်ထပ်သုံးရပါ​ေတာ့တယ်
“အမေ ခေါင်းအုံးတွေ၊ စောင်ခြင်ထောင်၊ မွေ့ယာ အကုန်ပစ်လိုက်၊ အမေ့ခြေသည်း၊ လက်သည်း နှင့် ဆံပင်လေးပါ နည်းနည်းထည့်ပစ်လိုက်နော်” လို့ ပဲ ပြောပြီး ချက်ချင်းပဲ အဲဒီနေ့မှာ လိုအပ်တဲ့ အိပ်ယာ အသုံးအဆောင်တွေ ကိုယ်တိုင်ဝယ်ပြီးသွားပို့ပေးလိုက်ပါတယ်
အကြောင်းတိုက်ဆိုင်စွာပဲ တစ်နှစ်လောက် အဆက်မပြတ်ချောင်းဆိုးလာတဲ့အမေဟာ ချောင်းလုံးဝမဆိုးတော့ဘဲ ထူထူထောင်ထောင်ပြန်ဖြစ်လာပါတယ်
အမေ နေမကောင်းတာနဲ့ ကိုယ့်ရဲ့ Bronchitis ဝေဒနာကို အကြောင်းပြုပြီး စာတွေလိုက်ရှာဖတ်ရင်း၊ မသန့်ရှင်းတဲ့ခေါင်းအုံးကို အသုံးပြုနေကြသူတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို ခံစားတတ်ကြရတယ်ဆိုတာကို သိခဲ့ရပါတယ်
ပြီးတော့ ခေါင်းအုံးတစ်လုံးကို ၁ နှစ် ကနေ ၂ နှစ်အတွင်းသာ သုံးသင့်ကြောင်းကိုလည်း ဖတ်သိခဲ့ရပါတယ်
အိပ်စက်ခြင်းဟာ ကျွန်မတို့အတွက် အခြေခံ ဇိမ်ခံခြင်း တစ်ခုပါ ကိုယ်အိပ်တဲ့အချိန်မှာ သက်တောင့်သက်သာ အိပ်ပျော်နိုင်ဖို့၊ အိပ်စက်နေစဥ်မှာ ခံစားရနိုင်တဲ့ဝေဒနာတွေ ကင်းဝေးစေဖို့က မိမိရဲ့ အိပ်ယာ သန့်ရှင်းမှုရှိ​ေနဖို့ ပထမ၊ သက်တောင့် သက်သာရှိဖို့ က ဒုတိယပါ ၊ နောက်ဆုံးကတော့ အိပ်စက်ခြင်းကို အထောက်အကူပြုစေတဲ့ အမွှေးနံ့သာနဲ့ အသံတွေပဲ ဖြစ်ပါတယ်
လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်လွယ်နေကြတဲ့အချိန်မှာ မသန့်ရှင်းတဲ့ အိပ်ယာတွေခေါင်းအုံးတွေကြောင့်လည်း အပိုဆုတွေ မရကြစေဖို့ မျှဝေလိုက်ရပါတယ်