(၇၅)နှစ်မြောက် စိန်ရတု တပ်မတော်(လေ) နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များမှ စုပေါင်း သွေးလှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ – ၁၁

 (၇၅)နှစ်မြောက် စိန်ရတု တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကွပ်ကဲမှုအောက်တပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များမှ စုပေါင်း သွေးလှူဒါန်းခြင်းအား ဒီဇင်ဘာ ၈ ရက်နေ့မှစ၍ သက်ဆိုင်ရာ နယ်မြေခံတပ်မတော် ဆေးရုံများတွင် စုပေါင်းသွေး လှူဒါန်းခြင်းများ ပြုလုပ်ကြသည်။

 အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲများကို သက်ဆိုင်ရာ နယ်မြေအလိုက်မှ လေတပ် ကွပ်ကဲမှု ဌာနချုပ်မှူး၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ လေတပ်စခန်းမှူးများ၊ အုပ်မှူးများ၊ တာဝန်ရှိ သူများနှင့် စုပေါင်း သွေးလှူဒါန်းမည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ကျန်းမာရေးဝန်ထမ်းများက သွေးအလှူရှင်များအား သွေးလှူဒါန်းနိုင်ရေး အတွက် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးအုပ်စုခွဲခြားခြင်းများ ဆောင်ရွက်ပေးပြီးနောက် စုပေါင်း သွေးလှူဒါန်းကြသည်။ ယင်းသို့ စုပေါင်းသွေး လှူဒါန်းနေမှုများကို သက်ဆိုင်ရာ တပ်အလိုက်မှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး သွေးလှူဒါန်းသူများအား အားဖြည့်ဆေးဝါးများ၊ အချိုရည်နှင့် အစားအစာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။