အမေရိကန်ကိုတုံ့ပြန်ရေး အတွက် ဥရောပအနေဖြင့် တောင်ကိုရီးယားနှင့် ပူးပေါင်းရန် တိုက်တွန်း

အမေရိကန်နိုင်ငံ၏ စီးပွားရေးတွင် ထောက်ပံ့မှုပေးရေး မူဝါဒအပေါ်ကောင်းစွာ တုံ့ပြန်နိုင်ရေးအတွက် ဥရောပအနေဖြင့် တောင်ကိုရီးယားနှင့် ပူးပေါင်းရန် တိုက်တွန်းကြောင်း တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီးက ပြောသည်။

အမေရိကန်ကွန်ဂရက်က ငွေကြေးဖောင်းပွမှု လျှော့ချရေး ဥပဒေ၊ ရာသီဥတု ကာကွယ်ရေးအတွက် ဒေါ်လာ ဘီလီယံ ၄၃၀ ခွဲဝေပေးမှုနှင့် လူမှုဖူလုံရေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တို့ကို သြဂုတ်လအတွင်း သတ်မှတ်ပြဋ္ဌာန်း လိုက်ခြင်းဖြစ်သည်။

အဆိုပါသတ်မှတ်မှုများသည် ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရန်၊  စွမ်းအင်ဈေးနှုန်းများကို လျှော့ချရန်နှင့် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ရန်တို့ဖြစ်သော်လည်း ထိုအထဲတွင် အမေရိကန်နိုင်ငံထုတ် လျှပ်စစ်ကားများနှင့် ဘက်ထရီများအတွက် အလွန်များပြားလှသော ငွေကြေးထောက်ပံ့မှု ပါဝင်နေသည်။

ထိုကဲ့သို့  ငွေကြေးထောက်ပံ့မှုသည် အလားတူပစ္စည်းများ ထုတ်လုပ်မည့် ဥရောပနိုင်ငံများနှင့်  တောင်ကိုရီးယား နိုင်ငံတို့အတွက် ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုတွင် အားနည်းချက်ဖြစ်စေမည်ကို ထိုနိုင်ငံများက စိုးရိမ်နေသည်။

ထို့ကြောင့် ဥရောပနိုင်ငံများနှင့် တောင်ကိုရီးယား နိုင်ငံတို့အနေဖြင့် အမေရိကန်၏ မူဝါဒအပေါ်တုံ့ပြန်နိုင်ရေး အတွက်  အတူတကွလက်တွဲ ဆောင်ရွက်သင့်ကြောင်း တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောလာခြင်းဖြစ်သည်။

အလားတူ အမေရိကန်ကွန်ဂရက်၏ ပြဋ္ဌာန်းချက်များတွင် အမေရိကန်နိုင်ငံထုတ် လျှပ်စစ်ကားများကို ဝယ်ယူသူများအတွက် မက်လုံးပေး ဆွဲဆောင်မှုများ ပါဝင်နေသောကြောင့် ယှဉ်ပြိုင်မှု စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်နေသည်ဟု ဥရောပသမဂ္ဂက ယုံကြည်ထားသည်။

ဥရောပသမဂ္ဂအနေဖြင့် ပူးပေါင်းမှုကို မလုပ်ဆောင်ပါက အမေရိကန်အပေါ် တုံ့ပြန်နိုင်ရေးအတွက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီးက ပြောထားသည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌကမူ သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် အမေရိကန်၏ လုပ်ဆောင်ချက်ကို တုံ့ပြန်နိုင်ရေး အတွက် အစိုးရက  ပြည်တွင်းကုမ္ပဏီများကို ထောက်ပံ့မှုများပေးရန် အစောပိုင်းကတည်းက တိုက်တွန်းထားကြောင်း သိရသည်။

နိုင်ငံတကာသတင်း