ရှိတ်ဟာဆီနာက မဲသူခိုးဖြစ်သည်ဟုဆိုကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အစိုးရ ဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပွား

လက်ရှိဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် မဲသူခိုးဖြစ်သည်ဟု ဆိုကာ နိုင်ငံအတွင်း အစိုးရဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါဆန္ဒပြမှုများကို အဓိကအတိုက်အခံ ပါတီက  ဦးစီး လုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းတို့ကိုထောက်ခံသူ ထောင်ပေါင်းများစွာက ဒါကာမြို့သို့ ဆင်းလာကာ အစိုးရအနေဖြင့်  ရွေးကောက်ပွဲအသစ်များ ကျင်းပပေးရန် တောင်းဆို ဆန္ဒပြနေခြင်း ဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့များက ဒါကာမြို့ရှိ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ ရုံးချုပ်ကို ဒီဇင်ဘာ ၉ ရက်တွင် ဝင်ရောက်စီးနင်းမှုများ လုပ်ဆောင်ရာ လူတစ်ဦး သေဆုံးကာ များစွာ ဒဏ်ရာရရှိပြီးနောက် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား တင်းမာမှုများ မြင့်မားလာလျက်ရှိသည်။

အလားတူ လုံခြုံရေးတပ်ဖွဲ့များသည် အတိုက်အခံပါတီ၏ ထိပ်တန်း ခေါင်းဆောင်နှစ်ဦးကို ပဋိပက္ခများဖြစ်စေရန် လှုံ့ဆော်မှုဖြင့်   ဖမ်းဆီးထိန်းသိမ်းထားသည်။

အတိုက်အခံပါတီအနေဖြင့် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ရာထူးမှ နုတ်ထွက်ပေးရေး၊ အိမ်စောင့်အစိုးရ လက်ထက်တွင် ရွေးကောက်ပွဲအသစ် ကျင်းပပေးရေး တောင်းဆိုနိုင်ရန် နိုင်ငံတစ်ဝန်း၌ ဆန္ဒပြပွဲများ လုပ်ဆောင်သွားမည်ဖြစ်သည်။

ဒီဇင်ဘာ ၁၀ ရက်နံနက်ပိုင်းအထိ ၎င်းတို့၏ဆန္ဒပြမှုများတွင် ပါဝင်သူအယောက် နှစ်သိန်းကျော်ရှိကြောင်း အတိုက်အခံပါတီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

“မိမိတို့ရဲ့ အဓိကတောင်းဆိုချက်က ရှိတ်ဟာဆီနာရာထူးမှ နုတ်ထွက်ပေးရေး၊  လွှတ်တော်ကို ဖျက်သိမ်းပြီး အိမ်စောင့်အစိုးရ အနေနဲ့ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးရေးဖြစ်ပါတယ်”ဟု အတိုက်အခံပါတီမှ ပြောရေးဆိုခွင့်ရှိသူ  ဇာဟီရူပင်ဆွာပန်က ပြောထားသည်။

နိုင်ငံတကာသတင်း