ယူကရိန်းအတွက် Abrams တင့်ကားများနှင့် ယူရေနီယံသတ္တုဖြင့် ပြုလုပ်ထားသည့် သံချပ်ကာဖောက်ကျည်များ ထောက်ပံ့မည်

ရက်သတ္တပတ်ကြာဆွေးနွေးပြီးနောက် အမေရိကန်က ယူကရိန်းတပ်မတော်အတွက် ပြင်းအားလျှော့ထားသော ယူရေနီယံသတ္တုဖြင့် ပြုလုပ်ထားသည့် သံချပ်ကာဖောက်ကျည်များအပါအဝင် ပြန်လည်ပြင်ဆင်မွမ်းမံထားသည့် M1A1 Abrams တင့်ကား ၃၁ စီးအား ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

          ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ယူကရိန်းကို အမေရိကန်က ထောက်ပံ့ရန် သဘောတူညီခဲ့သည့် ပြန်လည်ပြင်ဆင်မွမ်းမံထားသော Abrams တင့်ကား ၃၁  စီးတွင် တပ်ဆင်မည့် လက်နက်ခဲယမ်းအမျိုးအစားနှင့်ပတ်သက်၍ ရက်သတ္တပတ် မြောက်မြားစွာကြာအောင် အငြင်းပွားမှုများဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတင့်ကား များသည် ဆောင်းဦးရာသီတွင် ယူကရိန်းသို့ရောက်ရှိမည်ဖြစ်သော်လည်း ခဲယမ်း ကိစ္စများမပြေလည်မှုကြောင့် ကြန့်ကြာနေခဲ့ခြင်းဖြစ်ကြောင်း၊ နျူကလီးယား စောင့်ကြည့်ရေးကော်မရှင် (Nuclear Regulatory Commission – NRC) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ စွမ်းအားနိမ့်ယူရေနီယံဆိုသည်မှာ U235 Isotope ဓာတ်သတ္တုအား ပြင်းအားလျှော့ချပြီး အဆင့်နှိမ့်ထားခြင်းဖြစ်ကြောင်း၊ ၎င်း၏ အိုင်ဆိုတုပ်အလေးချိန်မှာ ၀.၇၁၁ ရာခိုင်နှုန်းသာပါဝင်ပြီး ပြင်းအားကိုလျှော့ချထားကြောင်း၊ အမေရိကန်တပ်မတော်၏ အချက်အလက်ဖော်ပြချက်အရ ၎င်းတို့အသုံးပြုလျက် ရှိသော ပြင်းအားအဆင့်နှိမ့်ထားသည့် DU သတ္တုများမှာ အိုင်ဆိုတုပ်အလေးချိန် ၀.၃ ရာခိုင်နှုန်းသာရှိကြောင်း၊ ထို့အပြင် အမှန်တစ်ကယ်ဓာတ်သတ္တုပါဝင်နှုန်းသည် ၀.၂ ရာခိုင်နှုန်းသာရှိသည်ဟု ဆိုထားကြောင်း၊ အဆင့်နိမ့်ယူရေနီယံများအား အသုံးပြုပြီး နျူကလီးယားလောင်စာခဲများမှရရှိပြီး နက်ပ်တူနီယံနှင့် ပလူတိုနီယံ သတ္တုများ၏ အကြွင်းအကျန်များလည်းဖြစ်ကြောင်း၊ ယူရေနီယံပါဝင်နှုန်း လွန်စွာနည်းပါးပြီး ဓာတ်ရောင်ခြည်ဖြာထွက်နှုန်းမှာလည်း သိသိသာသာ ပြင်းထန်ခြင်းမျိုး မရှိကြောင်း သိရှိရပါသည်။