၄၇ နှစ်အတွင်း ပထမဆုံးအကြိမ် အဓိကဥရောပဖလား ဗိုလ်လုပွဲကို ဝက်စ်ဟမ်း တက်ရောက်

ဝက်စ်ဟမ်းအသင်းဟာ ယူရိုပါကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အယ်လ်ခမာကို ၁-၀ နဲ့အနိုင်ယူခဲ့ပြီးနောက် နှစ်ကျော့ပေါင်းရလဒ် ၃-၁ နဲ့ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပါတယ်။ ဒါဟာ ဟမ်းမားပရိသတ်တွေရဲ့ နှလုံးသားထဲမှာထာဝရရှင်သန်နေမယ့် မှတ်တိုင်တစ်ခုပါပဲ။

တနည်းအားဖြင့်တော့ ဒီရာသီမှာ မိုယက်စ်နဲ့အတူ လုံးလည်ချာလည်ရိုက်နေတဲ့ ဝက်စ်ဟမ်းအနေအထားကို အတိုင်းအတာတစ်ခုအထိတော့ မေ့လျော့သွားစေတာဖြစ်တယ်။ ပွဲအပြီးမှာတော့ ဧည့်သည်အဖြစ်လာရောက်ကစားတဲ့ နည်းပြမိုယက်စ်နဲ့ ဝက်စ်ဟမ်းပရိသတ်တွေဟာ ကွင်းထဲမှာခုန်ပေါက်ပျော်ပါးခဲ့ကြပါတယ်။ အဲ့ဒီနောက်တော့ လုံထိန်းရဲတွေဝင်လာပါတော့တယ်။ အကျည်းတန်တဲ့ဇာတ်ဝင်ခန်းတွေထဲမှာတော့ အယ်လ်ခမာ ပရိသတ်တွေဟာ ဝက်စ်ဟမ်းကြယ်ပွင့်တွေရဲ့ မိသားစုဝင်တွေရှိရာပွဲကြည့်စင်ကို ဝင်ရောက်စီးနင်းပြီး တိုက်ခိုက်ဖို့ကြိုးစားတာကြောင့် ဟမ်းမားကစားသမားတွေဖြစ်တဲ့ ဘန်ရာမာနဲ့ ဒိုနက်စ်တို့က ပွဲကြည့်စင်ပေါ်အထိတက်ပြီး တုံ့ပြန်ဖို့ကြိုးစားခဲ့တာဖြစ်တယ်။

ဒါပေမယ့် ဒီကလန်ရိုက်စ်က အသင်းဖော်တွေရဲ့အခြေအနေကို အကောင်းဆုံးတားဆီးခဲ့ပြီး အခင်းဖြစ်ရာနေရာနဲ့ အဝေးဆုံးကိုခေါ်ထုတ်သွားနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းရဲ့ပျော်စရာကောင်းတဲ့ အခိုက်အတန့်ကိုဘယ်သူမှမယူဆောင်သွားနိုင်ခဲ့ပါဘူး။ မိုယက်စ်ရဲ့အသင်းဟာ မနှစ်က ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ဖရန့်ဖတ်နဲ့အသည်းကွဲမှုကို ဒီရာသီ ကွန်းဖရန့်လိဂ်မှာ ဗိုလ်လုပွဲတက်ရောက်ခြင်းနဲ့ ကုစားနိုင်ခဲ့တဲ့အပြင် ၄၇ နှစ်အတွင်း အဓိကဥရောပဖလား ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့တာပါ။