ဧပြီလ ၃ ရက်နေ့ မှုခင်းသတင်းများ

-ဧပြီလ ၂ ရက်နေ့ ၀၈၁၀ နာရီတွင် ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်၊ ကျိုက်ထို-ကင်မွန်းချောင်းကားလမ်းဘေးရှိ မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံအား PDF အကြမ်းဖက်အဖွဲ့ဝင် ၅ ဦးမှ Honda Fit (အနက်ရောင်)ယာဉ်ဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လျှပ်စစ်ဓာတ်အားခွဲရုံအနီး ရောက်ရှိနေသည့် သဲသဲအောင်(၂၈)နှစ်၊ နောင်ဘိုစုရပ်၊ တောင်သူစုရပ်ကွက်နေသူတွင် ယာဂျိုင်းအောက် ကျည်ရှပ်မှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရှိရ။

-ဧပြီလ ၂ ရက်နေ့ ၀၈၀၀ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ မြို့တောကျေးရွာနေ ဦးစိုးမင်း(၅၁)နှစ်သည် ကျေးရွာရှိ “အောင် ကောင်းမိုး”လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် အကြမ်းဖက် PDF ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးစိုးမင်းတွင် လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရ>

-ဧပြီလ ၂ ရက်နေ့ ၁၅၁၀ နာရီတွင် တောင်သာမြို့နယ်၊ ထန်းပင်ကန်ကျေးရွာနေ သီတာမြင့်(၃၂)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့်ရောက်ရှိလာပြီး သီတာမြင့်အား ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပြဿဒ်ကြီးကျေးရွာနှင့် ငွေသောင်ကျေးရွာကြား တောင်ယာခင်းအရောက်၌ အကြမ်းဖက်သတ်ဖြတ်သွားခဲ့ရာ လည်ပင်း၊ ယာပေါင်ပြတ်ရှ၊ နောက်ကျော၊ ယာပါးထိုးသွင်း ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။