အုန်းနို့ ခေါက်ဆွဲ ချက်စားရအောင်

အုန်းနို့ ခေါက်ဆွဲ ချက်နည်း အမျိုးမျိုး ရှိပါတယ်။ ချက်နည်း မကျရင် အုန်းနို့ နံ့ မမွှေးဘဲ ဖြစ်တတ်လို့ပါ။ ဒီ ချက်နည်းလေးကတော့ သဘောကျလို့ သိမ်းထားတာလေးပါ။

အရင်ဆုံး အုန်းနို့ခေါက်ဆွဲ ၁ပိဿာ အချိုး ပြောပြမယ်နော်။

  • ခေါက်ဆွဲဖတ် – ၁ပိဿာ
  • ပဲစိမ်းမှုန့်- ၁၀သား (၁၆၀ဂရမ်)
  • အုန်းသီးရင့်ရင့် – ၁ လုံး / ready made အုန်းနို့ဗူးကြီး၁ဗူး / နို့စိမ်း- ၁ ဗူး
  • ကြက်သား -၂၀ကျပ်သား (၃၂၀ ဂရမ်)
  • ငါးဖယ် – ၁၀သား (၁၆၀ ဂရမ်)
  • ကြက်ရိုးထည့်တာ ကြိုက်ရင် အဆင်ပြေသလို ထည့်လို့ ရပါတယ်
  • ဘဲဥ – ၅လုံး
  • ဆီ – ၇ကျပ်ခွဲသား ( 8 tablespoon/ ၁၀၀ ဂရမ်)
  • ကြက်သွန်နီ ဟင်းခပ်ရန် – အလုံးသေး ၁၅ကျပ်သား (၁၀ -၁၂ လုံး)
  • ငရုတ်အပုတောင့် – ၅တောင့် (အရောင်တင်မှုန့် သုံးနိုင်)
  • အကြွပ်ကြော်ခြောက် – ၅ကျပ်သား (၈၀ ဂရမ်)
  • ဆီသပ်ရန် – ကြက်သွန်ဥသေး ၁ ဥ
  • ကြက်သွန်ဖြူဥသေးသေး – ၁ ဥ
  • ဆား – စားပွဲဇွန်း၃ပုံ၂ပုံခန့်
  • အရသာမှုန့် – တီးဇွန်း ၃ (မထည့်လည်း ရပါတယ်)


သကြားထည့်ရာမှာတော့ အုန်းနို့ခေါက်ဆွဲကို ခပ်ချိုချိုကြိုက်သူနှင့် ချိုတာ မကြိုက်သူရယ်လို့ ကွဲပါတယ်။
ပန်းခရေကြီးက အုန်းနို့ခေါက်ဆွဲဆို ချိုချိုလေးကြိုက်တယ်။ အဲဒါကြောင့် သကြားအရသာ ပေါ်လွင်အောင် ထည့်ပါတယ်။
သကြားအရသာ မကြိုက်သူကတော့ တီးဇွန်း ၃ဇွန်းခန့် ထည့်ပါရှင်။ အုန်းနို့ခေါက်ဆွဲမှာ သကြား လုံးဝမပါရင်လည်း စားမကောင်းပါဘူး။

အိမ်စားဖြစ်လို့ ကြက်သား၃၀သား ထည့်ထားတာပါ။
အုန်းနို့ခေါက်ဆွဲကို အမြဲတမ်း ပုံမှန်အသားထည့်ပုံ ပြောပြမယ်နော်။
ဒီနေ့က စိတ်ကူးပေါက်လို့ ထချက်တာမို့ ကြက်သားရင်ပုံခြမ်း မရှိတာနှင့် ပေါင်ခြမ်းသုံးထားတာမို့ သေးသေးတုံးပြီး ဆီသပ်တာပါ။
အုန်းနို့ခေါက်ဆွဲချက်ရင် ကြက်ရင်ပုံခြမ်းကို ပြုတ်ပြီး အသားကိုလက်နှင့် အဖတ်လှလှလေးတွေ ခွာထည့်ဆီသပ်ချက်ရတာ အကြိုက်ဆုံးပါ။
အခုတော့ အစိမ်းချက်သဘောမျိုး အသားကို ဆား၊အရသာ၊ဆနွင်းနယ်ပြီး ဆီသပ်ပါမယ်ရှင်။

ပဲအစိမ်းမှုန့်ထဲ ဆနွင်း တီးဇွန်း၁ဇွန်းထည့်ပြီးမှ ရေ ၁ လီတာ လောက် ထည့်ပါမယ်။
ခပ်ပျစ်ပျစ် အနေအထား ဖျော်ထားတာကို ပွက်ပွက်ဆူနေတဲ့ ရေထဲထည့်ပြီး မြန်မြန် မမွှေမိရင် ပဲတွေက ခဲတတ်ပါတယ်။
ဒါကြောင့် ရေကျဲကျဲဖျော်ထည့်တာ အကောင်းဆုံးပါ။

ရေနွေး(သို့)ကြက်ပြုတ်ရည် ဆူလာရင် ဖျော်ထားတဲ့ ပဲစိမ်းရည်တွေ လောင်းထည့်ပြီး အဆက်မပြတ် မွှေပါမယ်။ ပဲရည်က ဆူပြီး ဝေကျတတ်တာမို့သတိထားပါရှင်။

ကြက်သွန်နီအလုံးလေးတွေခွာရေဆေးထားပါမယ်။ ဘဲဥကို ပြုတ်ပြီး မထူမပါး လှီးထားပါမယ်။

ကြက်သွန်ဖြူ သေးသေးတစ်ဥ (ကြက်သားမှာ ညှီနံ့ရှိရင် အထိန်းရရုံ တကယ့်နည်းနည်းလေးပဲ သုံးမယ်နော်)။
ကြက်သွန်နီက ကြီးနေလို့ တဝက်ပဲ သုံးပါမယ်။ ဒါကို ငရုတ်သီး အစိမ်းမှုန့် စားပွဲဇွန်း ၁ ဇွန်း(သို့) ငရုတ်သီး အပုတောင့် ၅တောင့်နှင့် ညက်ညက်လေး ထောင်းထားပါမယ်။

ဆီပူအိုးတည်လို့ ဆီပူလာရင် ထောင်းထားတဲ့ အနှစ်တွေ ဆီသပ်ပါမယ်။ မွှေးပြီး ကြွပ်လာရင် ကြက်သားထည့်လုံးပါမယ်။
အသားတွေ တင်းနေအောင်လုံးပါမယ်။ ရေလုံးဝမထည့်ပါဘူး။ အသားတွေ တင်းနေအောင် လုံးမှ အုန်းနို့ခေါက်ဆွဲ ဖြစ်တဲ့အခါ စားကောင်းမှာပါ။ ကလီစာကို အသားတင်းလာမှ ထည့်ပါမယ်။

ပဲဟင်းရည်အိုးကိုလည်း ပဲစိမ်းနံ့ပျောက်အောင် မီးမှန်မှန်နှင့် စိတ်ရှည်ရှည် တည်ထားဖို့လည်း အရေးကြီးပါတယ်။

ချက်ထားတဲ့ ကြက်သားတွေ တင်းပြီး ကျက်လာရင် ဒယ်အိုးထဲက ခဏဆယ်ထားပါ။

ကြက်သား ဆယ်ထုတ်လိုက်တဲ့ ဒယ်အိုးထဲအုန်းနို့ရည်တွေ လောင်းထည့်ကျိုပါ။ အုန်းနို့တွေ အဆီထွက် ဥလာသည် အထိ ချက်ပါ။

ပြီးရင်တော့ ပဲဟင်းအိုးထဲ အုန်းဆီချက်၊ကြက်သားဆီသပ်၊ ကြက်သွန်နီဥတွေလောင်းထည့်ပါ။ ဆား၊အရသာ၊သကြားထည့်ပါ ။
ဟင်းရည် ပွက်ပွက်ဆူအောင် ကျအောင် တည်ထားပါ။ အုန်းနို့ဗူးနှင့် ချက်ရင်လည်း ဒီလိုအဆီထွက်အောင်ကျိုပြီး ထည့်လို့ ရပါတယ်။
နို့စိမ်း ဆိုရင်လည်း ကြက်သားဆီသပ်နှင့် ရောထည့်ပါ။

ဟင်းရည်အိုး အရသာမှန်ပြီဆို လှီးထားတဲ့ ဘဲဥတွေ ထည့်ပါ။ ဟင်းရည် အရသာမှန်၊ ဟင်းရည်လည်း ကျလာရင် ရပါပြီ။

အုန်းနို့ခေါက်ဆွဲကို ပဲစိမ်းမှုန့်နှင့်လည်း ရသလို ကုလားပဲ ပြုတ်ပြီး ချက်လည်း ရပါတယ်။ ကုလားပဲ ပြုတ်ပြီးချက်တာ ပိုပြီး ချိုပါတယ်။ မြေပဲ ထည့်ချက်လည်း ရပါတယ်။ ဒါပေမယ့် မြေပဲထည့်ရင် အရသာက သိပ်အီသွားသလို ခံစားရလို့ ပန်းခရေကတော့ မြေပဲထည့်ရတာ မကြိုက်ပါဘူး။

အုန်းနို့ခေါက်ဆွဲ ချက်ရင် အုန်းနို့နံ့ သာလျှင် အဓိက အကျဆုံးဖြစ်လို့ အုန်းနို့အနံ့ကို ဖုံးအုပ်နိုင်မယ့် ဘယ်လို ဟင်းခပ်ကိုမှ မသုံးပါဘူး။
ဂျင်းမထည့်ဘူး ။ ငံပြာရည် မသုံးဘူး။ ငံပြာရည်ကို လေးပင်မှု အတွက် သုံးချင်တယ် ဆိုရင် ကြက်သားပြုတ်တဲ့ အခါမှာ အနည်းငယ်ထည့်သုံးပါ။ ဟင်းရည်အိုးထဲ တိုက်ရိုက်မသုံးပါဘူးရှင့်

ခေါက်ဆွဲဝယ်ရင် အုန်းနို့ခေါက်ဆွဲဖတ်လို့ ပြောဝယ်ပါ။ အုန်းနို့ခေါက်ဆွဲဖတ်က ခေါက်ဆွဲသား သေးပြီး ပျော့ပျောင်းတယ်။ အရောင်ကအနည်းငယ် နောက်တယ်။ အလုံး အနည်းငယ် ကြီးပြီး ဝင်းဝင်းဝါဝါ အရောင်လှတာက ခေါက်ဆွဲသား မာပါတယ်။ ခေါက်ဆွဲကြော်ရာမှာသုံးပြီး အကြော်ခံအောင် လုပ်ထားဖြစ်လို့ အုန်းနို့ခေါက်ဆွဲအဖြစ် စားရင် ခေါက်ဆွဲသား မာပါတယ်။