အိန္ဒိယက တရုတ်နိုင်ငံတစ်ဝှမ်းရှိ ပစ်မှတ်များအထိ ရောက်ရှိနိုင်သော တာဝေးပစ်လက်နက်များကို အာရုံစိုက်နေသည်ဟုဆို

ဆွီဒင်အခြေစိုက်အကြံပေးအဖွဲ့ဖြစ်သည့် စတော့ပ်ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေး သုတေသနဌာန (Stockholm International Peace Research Institute -SIPRI)၏ အစီရင်ခံစာတွင် အိန္ဒိယနိုင်ငံသည် ၎င်း၏နျူကလီးယားလက်နက်တပ်ဆင်မှုကို တိုးချဲ့ကာ နျူကလီးယားသယ်ဆောင်ပစ်လွှတ်သည့် စနစ်အမျိုးအစားသစ်များကို တီထွင်ထုတ်လုပ်နေပုံရသည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

ဆွီဒင်နိုင်ငံအခြေစိုက် စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေး သုတေသနဌာန (SIPRI)၏ အစီရင်ခံစာအရအိန္ဒိယနိုင်ငံသည် ၎င်း၏ နျူကလီးယားစွမ်းရည်ကို မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုများကို ပြင်းထန်စွာလုပ်ဆောင်လျက်ရှိကြောင်း၊ ဤမဟာဗျူဟာမြောက်ပြောင်းလဲမှုကို တင်းမာမှုများတိုးမြင့်လာခြင်းနှင့် အိမ်နီးချင်း တရုတ်နှင့်ပါကစ္စတန်တို့ထံမှ ခြိမ်းခြောက်မှုကို ရှုမြင်မှုတို့က မောင်းနှင်ထားကြောင်း၊ အိန္ဒိယနှင့်ပါကစ္စတန်တို့သည် ၎င်းတို့၏ နျူကလီးယားလက်နက်များကို တိုးချဲ့ကာ နျူကလီးယားလက်နက် သယ်ဆောင်ပစ်လွှတ်စနစ်အမျိုးအစားသစ်များကို တီထွင် ထုတ်လုပ်နေပုံရကြောင်း၊ အိန္ဒိယသည် တရုတ်နိုင်ငံတစ်ဝှမ်းရှိပစ်မှတ်များသို့ ရောက်ရှိနိုင်သည့် ပစ်မှတ်များအပါအဝင် တာဝေးပစ်လက်နက်များအပေါ် အလေးပေး လုပ်ဆောင်နေပုံပေါ်ကြောင်း ဇွန်လ ၁၂ ရက်က ထုတ်ပြန်သည့် SIPRI အစီရင် ခံစာတွင် ဖော်ပြထားပါသည်။

ပါကစ္စတန်သည် အိန္ဒိယ၏ နျူကလီးယားဟန့်တားမှုကို အဓိကအာရုံစိုက်လျက် ရှိနေချိန်တွင် အိန္ဒိယသည် တရုတ်နိုင်ငံတစ်ဝှမ်းရှိ ပစ်မှတ်များသို့ ရောက်ရှိနိုင်သည့် ပစ်မှတ်များအပါအဝင် တာဝေးပစ်လက်နက်များအပေါ် အာရုံစိုက်လာပုံပေါ်ကြောင်း၊ တရုတ်နိုင်ငံ၏ ခိုင်မာအားကောင်းသည့်အပြုအမူနှင့် တပ်မတော်ခေတ်မီအဆင့်မြှင့် တင်ရေး လျင်မြန်စွာလုပ်ဆောင်မှုတို့ကြောင့် အင်ဒို-ပစိဖိတ်ဒေသတွင် ပထဝီနိုင်ငံရေး တင်းမာမှု လျင်မြန်စွာတိုးလာနေခြင်းက အိန္ဒိယအား ၎င်း၏မဟာဗျူဟာဦးစားပေးများကို ပြန်လည်သုံးသပ်ရန် တွန်းအားပေးခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယက တာဝေးပစ်နျူကလီးယားလက်နက်များကို အာရုံစိုက်နေခြင်းသည် တရုတ်နိုင်ငံအပေါ် ၎င်း၏ဟန့်တားမှုစွမ်းရည်ကို မြှင့်တင်ရန်ရည်ရွယ်ကြောင်း၊ အိန္ဒိယ၏ တာဝေးပစ်နျူကလီးယားလက်နက်များကို တီထွင်ထုတ်လုပ်မှုတွင် ဒုံးပျံနည်းပညာနှင့် အခြေခံအဆောက်အအုံများ တိုးတက်လာခြင်းတို့ပါဝင်ကြောင်း၊ အကွာအဝေးကီလိုမီတာ ၅၀၀၀ ကျော်ရောက်ရှိသည့် Agni-V ကဲ့သို့သော ပဲ့ထိန်းဒုံးကျည်များကို တိုးမြှင့်လုပ်ဆောင်နေခြင်းသည် ၎င်း၏တိုက်ခိုက်မှု စွမ်းရည်ကို တိုးချဲ့မည့် ယင်း၏ကတိကဝတ်ကို သက်သေပြနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။