နေတိုးတပ်ဖွဲ့ဝင်များကို ရှေ့တန်းစစ်မျက်နှာတွင်ဖြန့်ကြက်ပါက ပစ်မှတ်အဖြစ်သဘောထားမည်

နေတိုးတပ်ဖွဲ့အနေဖြင့်   ၎င်းတို့၏ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များကို ယူကရိန်းရှေ့တန်း စစ်မျက်နှာတွင် ဖြန့်ကြက်ပါက ယင်းတပ်ဖွဲ့ဝင်များကို   တရားဝင်ပစ်မှတ်အဖြစ် သဘောထားမည်ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒီမီထရီမက်ဗီဒက်က ပြောသည်။

လက်နက်တပ်ဆင်ထားသည့်  နေတိုးငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များကို ရုရှားနိုင်ငံ၏ သဘောတူညီမှုမရှိဘဲ ယူကရိန်းနိုင်ငံရှိ ရှေ့တန်းစစ်မျက်နှာတွင် ဖြန့်ကြက်ခြင်းသည်   ရုရှားနိုင်ငံအားတိုက်ရိုက်ခြိမ်းခြောက်ခြင်းပင်ဖြစ်ကြောင်း မက်ဗီဒက်က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ၎င်း၏တယ်လီဂရမ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။    ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် နေတိုးတပ်ဖွဲ့ဝင်များသည် ပဋိပက္ခအတွင်းသို့ဝင်ရောက်လာပြီး ရုရှားနိုင်ငံ၏ ရန်သူဘက်မှ  ပါဝင်လာမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ရေးသားထားသည်။

ဥရောပသမဂ္ဂအဖွဲ့အနေဖြင့် ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့များကို ယူကရိန်းသို့စေလွှတ်ရေးအတွက်  ဆွေးနွေးရန်အလွန် နီးစပ်လာပြီဖြစ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က  မတ်လအစောပိုင်းတွင် ပြောကြားထားကြောင်း    သိရသည်။

Ref: Sputnik