ပါကစ္စတန်နိုင်ငံရှိ ဗလီတစ်ခုတွင် အသေခံဗုံးခွဲမှုတစ်ခုဖြစ်ပွားခဲ့

ပါကစ္စတန်နိုင်ငံ Peshawar မြို့ ရဲဌာနချုပ်ဝန်းအတွင်းရှိ ဗလီတစ်ခုတွင် ဇန်နဝါရီ(၃ဝ) ရက်က အသေခံဗုံးခွဲမှု တစ်ခုဖြစ်ပွားခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် အနည်းဆုံးလူ(၉၂)ဦး သေဆုံးခဲ့ပြီး ပြည်သူများကို သတိထားနေထိုင်ကြရန် ပါကစ္စတန်အစိုးရက တိုက်တွန်းတောင်းဆိုခဲ့ကြောင်းလည်း သိရသည်။

အသေခံဗုံးခွဲတိုက်ခိုက်မှုသည် အာဖဂန်စစ်သွေကြွများ တိုးလာသော အာဖဂန်နယ်စပ်နှင့်နီးသော Peshawar မြို့တွင် နေ့လည်ခင်း ဝတ်ပြုဆုတောင်းနေချိန်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် ဗလီတစ်ခုလုံးပြိုကျခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးသမားများသည် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။ Peshawar မြို့ရဲမှူးချုပ် Muhammad Ijaz Khan က “အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ရဲတော်တော်များများ အပျက်အစီးတွေအောက်မှာ ပိသွားခဲ့ပါတယ်၊၊ ရဲတပ်ဖွဲ့ဝင် (၃ဝဝ) မှ (၄ဝဝ) ကြားက ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ ဗလီအတွင်း ဝတ်ပြုနေခဲ့ကြတာပါ။ သူတို့ကို ဘေးကင်းကင်းနဲ့ ကယ်ဆယ်နိုင်ဖို့အတွက် ရှာဖွေကယ်ဆယ်ရေးသမားတွေက အကောင်းဆုံးကြိုးစားနေပါတယ်” ဟု ပြောဆိုခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အပျက်အစီးများအောက်မှ ထွက်လာနိုင်ခဲ့သော ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံ သို့ ပို့ဆောင်ခဲ့ပြီး သေဆုံးသွားသောသူများ၏ ရုပ်အလောင်းများကိုလည်း အရေးပေါ်လူနာတင်ယာဉ်ဖြင့် သယ်ယူခဲ့ ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ Peshawar မြို့ အဓိကဆေးရုံ၏ ပြောရေးဆိုခွင့်ရှိသူ Muhammad Asim Khan က “ဒါဟာ အရေးပေါ်အခြေအနေပါပဲ” ဟု ပြောဆိုခဲ့သည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေပြီး အနည်းဆုံး လူ(၄)ဦး သည် အပျက်အစီးများ အောက်တွင် ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။ ကယ်ဆယ်ရေးအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ Bilal Ahmad Faizi က “အပျက်အစီးအောက်မှာ ပိတ်မိနေတဲ့လူတွေ အသက်ရှုနိုင်ဖို့အတွက် ကျွန်တော်တို့ အောက်ဆီဂျင်တွေ ပေးထားပါတယ်” ဟု ပြောဆိုခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်သည်ဆိုသောအချက်ကို ရဲတပ်ဖွဲ့ က ထုတ်ပြန်ခြင်းမရှိသေးသလို ဝန်ခံပြောဆိုထားသော အဖွဲ့အစည်းများ မရှိသေးကြောင်းသိရသည်။