မာဒါဂတ်စကာမှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူသေဆုံးမှုများပြား

မာဒါဂတ်စကာမှာ ပြီးခဲ့တဲ့သီတင်းပတ်က ချန်နီဆို လို့ အမည်ပေးထားတဲ့ ပြင်းထန်တဲ့ အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်းတစ်ခု ကုန်းတွင်းပိုင်းသို့ဝင်ရောက်ခဲ့ပြီး ကျွန်းရဲ့အနောက်ဘက်ကမ်းရိုးတန်းမှာ ရက်အတန်ကြာ တိုက်ခတ်မှုဖြစ်ပွားခဲ့ရာ လူပေါင်း နှစ်ဒါဇင်ကျော် သေဆုံးပြီး လူဦးရေ သောင်းနဲ့ ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း တရားဝင် မှတ်တမ်းများအရ သိရပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ချန်နီဆို ဟာ လွန်ခဲ့တဲ့ ၁ဝ ရက်ခန့်က မာဒါဂတ်စကာ အရှေ့မြောက်ပိုင်းသို့ဝင်ရောက်ခဲ့ပြီး လေပြင်းတိုက်ခတ်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြာ သီတင်းပတ်များအတွင်း အရှေ့တောင်ဘက် နေအိမ် များ၊ စာသင်ကျောင်းများ ပျက်စီးကာ ကားလမ်းအများအပြား လမ်းပြတ်တောက်မှုများဖြစ်ပွားခဲ့ပါတယ်။ ယခု လူဦးရေ ၂၅ ဦး သေဆုံးပြီး ၂၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံရဲ့ ရာသီဥတုနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရုံးရဲ့နောက်ဆုံးသတင်းတစ်ရပ်အရ သိရပါတယ်။

မုန်တိုင်းကြောင့် အနည်းဆုံး လူပေါင်း ၈၃၁၈၁ ဦးထိ ထိခိုက်ခဲ့ပြီး ၃၈ဝဝဝ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရ ကြောင်း၊ အိမ်ခြေ ၂၃၆ဝဝ ကျော် ရေမြုပ်ခဲ့ပြီး အိမ်ခြေ ၅ဝဝ ထက်မနည်း လုံးလုံးပျက်စီးခဲ့ကြောင်း သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးရုံးက ပြောကြားခဲ့ပါတယ်။ မုန်တိုင်းဟာ မကြာသေးမီရက်များအတွင်း တစ်နာရီကို လေတိုက် နှုန်း ၁၁၈ – ၁၆၆ ကီလိုမီတာ (တစ်နာရီလျှင် ၇၃ – ၁ဝ၃ မိုင်) နှုန်းနဲ့တိုက်ခတ်ခဲ့ကာ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ယာယီအားကောင်းလာခဲ့ကြောင်း အနောက်တောင် အိန္ဒိယသမုဒ္ဒရာ ဒေသဆိုင်ရာ အထူးပြုမိုးလေဝသ ဌာနမှ ပြောကြားပါတယ်။

ချန်နီဆိုမုန်တိုင်းဟာ ဇန်နဝါရီ ၁၉ ရက်ကစ ကုန်းတွင်းပိုင်းသို့ စတင်ဝင်ရောက်ခဲ့ပြီး အာဖရိကတောင်ပိုင်းရှိ ဆိုင်ကလုန်းရာသီရဲ့ ပထမဆုံး အပူပိုင်းမုန်တိုင်းဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလက မာဒါဂတ်စကာမှာ မုန်တိုင်းကြီး လေးကြိမ် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၁၃၈ ဦး သေဆုံးကာ နေအိမ် ၁၂၄,ဝဝဝ လုံး ပျက်စီးပြီး လူပေါင်း ၁၃ဝဝဝဝ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရပါတယ်။