ကြက်သားပလာတာပြုလုပ်နည်း

  • ကြက်သား ၃၀ ကျပ်သား (ရေဆေးသန့်စင်ပြီး တစ်လက်မအရွယ်အတုံးလေးများတုံးကာ ခနောကြက်သားမှုန့်နဲ့နယ်ထားပါ)
  • ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၂ ဇွန်း (၁ ဇွန်း ကိုအသားနယ်ပါ။ ကျန်၁ ဇွန်းကို ဟင်းထဲထည့်ပါ)
  • အာလူး ၂ လုံး (၂.၅ စင်တီမီတာ အရွယ်အတုံးလေးများတုံးထားပါ)(အရောင်မပြောင်းစေရန် ဆားရည်ထဲစိမ်ထားပေးပါ)(ချက်ခါနီးရေပြန်ဆေးပါ)
  • ကြက်သွန်နီ ၁ လုံး (ထောင်းထားပါ)
  • ကြက်သွန်ဖြူ ၃ မွှာ (ညက်အောင် ထောင်းထားပါ)
  • ချင်း ၃ စင်တီမီတာ (ရေဆေးပြီး ညက်အောင် ထောင်းထားပါ)
  • ဆီ ထမင်းစားဇွန်း ၅ ဇွန်း
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မဆလာ လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကုလားပဲ ၁ ခွက် (၂၀၀ ဂရမ်) (၁ နာရီခန့်ရေစိမ်ထားပါ)
  • ပလာတာ ၅ ချပ်
  • ရေ ၄ ခွက် (၁၀၀၀ မီလီလီတာ) (ပဲပြုတ်ရန်)
  • ရေ ၂ ခွက် (၄၅၀ မီလီလီတာ) (ကြက်သားချက်ရန်)
  • ရေ ၁ ခွက် (၂၂၅ မီလီလီတာ) (အာလူးနူးစေရန်)

အချဥ်ပြုလုပ်ရန်

  • ပူစီနံတစ်စည်း (အရွက်ခြွေရေဆေးထားပါ)
  • ငရုတ်သီးစိမ်း ၅ တောင့် (ကတ်ကြေးနဲ့သေးသေးညှပ်ထားပါ)
  • သံပုရာသီး ၁ လုံး
  • ကြက်သွန်နီ ၁ လုံး (မထူမပါးလှီးထားပါ)
  • ဆားအနည်းငယ်

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ကုလားပဲကို ရေနဲ့ဆားအနည်းငယ်ထည့်ကာ မီးမပြင်းတပြင်းအနေအထားနဲ့ ကြိုတင်ပြုတ်ထားပေးပါ။ လက်နဲ့ဖိကြည့်လို့ နူးပြဲနေပြီဆိုရင် မီးပိတ်ထားလိုက်ပါ။ (ကုလားပဲအဖတ်လေးတွေမကြိုက်ရင် ပြုတ်ပြီးသားပဲကို ငရုတ်ဆုံနဲ့ထောင်းနိုင်ပါတယ်နော်)
  2. ဟင်းအိုးထဲကို ဆီထည့်ပြီး ဆီဆူလာတဲ့အခါ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ချင်း၊ နနွင်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်ထည့်ကာ ဆီသတ်ပေးပါ။
  3. ကြက်သွန်တွေနွမ်းသွားပြီဆိုရင်တော့ အရသာနယ်ထားတဲ့ ကြက်သားထည့်မွှေပေးလိုက်ပါ။ ဟင်းဆီသတ်နံ့လေးမွှေးလာပြီဆိုရင် ရေထည့်၊ အဖုံးအုပ်ကာ ၁၅မိနစ်ခန့်ထားပေးပါ။ ပြီးရင်အာလူးထည့်ကာ ရေထပ်စွက်ပေးပါ။ ကြက်သားနဲ့အာလူးနူးပြီဆိုရင် ပဲရည်နဲ့ပဲတွေကိုလောင်းထည့်ပေးပါ။
  4. ဟင်းရည်ဆူလာပြီဆိုရင် ချန်ထားခဲ့တဲ့ ခနောကြက်သားမှုန့် ထည့်မွှေပေးပါ။ အရသာနဲ့အရည်အပျစ်အကျဲ စိတ်ကြိုက်ဖြစ်ပြီဆိုရင် မဆလာထည့်ကာ မီးပိတ်နိုင်ပါပြီနော်။ အရည်ကျဲကျဲကြိုက်ရင် ရေလေးနည်းနည်းထပ်ရောနိုင်ပါတယ်နော်။
  5. ပလာတာလေးတွေမျှင်ပြီး ကြက်ပဲဟင်းရည်မွှေးမွှေးလေးဆမ်းလိုက်ပါ။ ကြက်သားပလာတာနဲ့အလိုက်ဖက်ဆုံး ပူစီနံအချဉ်လေးကလည်း လန်းဆန်းမွှေးပျံ့ပြီး အအီပြေစေပါလိမ့်မယ်။