မိဘလုပ်ကျွေး ဘေးရန်ဝေး

ပြီးခဲ့တဲ့ နှစ်ပတ်ကျော်က သတိမေ့တတ်လာတဲ့ အမေ ဝမ်းသွားလို့ ဆေးရုံ နှစ်ရက်လောက် တက်လိုက်ရတယ်။ ဆေးရုံက ဆင်းပြီး အိမ်ပြန်လာတော့ ငါ့သား ဝယ်ပေးထားတဲ့အိမ်ကို ပြန်ရောက်ပြီလို့ နှမကို ပြောတယ် တဲ့။ ဖုန်းဆက်တော့လည်း သား ဝယ်ပေးထားတဲ့ အိမ်ကို ပြန်ရောက် နေပြီတဲ့ ။ ကိုယ်ပိုင်တဲ့ အိမ်ကို ဘာ့ကြောင့် သား ဝယ်ပေးထားတဲ့ အိမ် ပြန်ရောက်ပြီလို့ ပြောတာလဲ ဆိုတာ အကြောင်းရှိတယ်။ ငယ်စဥ်က အဖေ့ တပ်ကြပ်ကြီးလစာနဲ့ မလောက်ငှတော့ သားသမီး ၇ ယောက်အတွက် အမေ အလုပ်ထွက်လုပ်ရတယ်။ ပြည်သူ့ဆိုင်က ပစ္စည်းကောက်ပြီး ပြန်ရောင်းတာမျိုးကနေ မြဝတီ အထိ ကုန်ကူး ခဲ့ဖူးတယ်။ နောက်ဆုံး ထမင်းဆိုင် ဖွင့်ပြီး ရောင်းခဲ့တယ်။ ကျောင်းဆင်းလို့ အရာရှိ ဖြစ်တဲ့အခါ လစာ ၃၂၀ က ၂၀၀ ကို အမေ့ဆီ လွဲထားခဲ့တယ်။ အဲဒီအချိန်မှာ ကျောင်းတက်နေတဲ့ သူ ၄ ယောက်လောက် ရှိသေးတယ်။ အိမ်ထောင်ကျတော့လည်း လင်မယား နှစ်ယောက်လုံး လစာရှိတော့ လစဥ် ၂၀၀ ကျပ်ကို ဆက်ထောက်ပံ့ခဲ့တယ်။ သားဦးမွေးတဲ့ အချိန် အိမ်မှာပဲ နေတဲ့အတွက် ဆက်ထောက်ပံ့တယ်။ သားဦးဆုံးပြီး သမီးတယောက် ထပ်မွေးတဲ့ အချိန်ကြမှ နို့မှုန့်ဘူးဖိုး အကုန်အကျ များလာတာရယ်၊ အမေတို့က ထမင်းဆိုင်ဖွင့်ပြီး အခြေအနေ ကောင်းနေတာရယ်ကြောင့် ထောက်ပံ့မှုကို ရပ်လိုက်တယ်။ ဂျီဝမ်း ဖြစ်တဲ့အချိန် အမေတို့လဲ ထမင်းဆိုင် ပိတ်လိုက်ရတော့ အိမ်မှာ ခေါ်ထားတယ်။ ဗျူဟာမှူး၊ ဒုကျောင်းအုပ်ကြီး၊ ကျောင်းအုပ်ကြီး ကာလမှာ အိမ်မှာ လိုက်နေတဲ့ အချိန်တွေ ရှိခဲ့တယ်။ ဒုကျင့်ချုပ် ဖြစ်တော့ အတူနေတဲ့ နှမ ဖြစ်သူကို ပိုက်ဆံပေးထားပြီး ရလာတဲ့ အတိုးနဲ့ လစဥ် ထောက်ပံ့ စေခဲ့တယ်။ တပ်က ထွက်ခါနီးမှာ စက်မှုဇုံက ထုတ်တဲ့ ဟိုင်းအေ့စ် တစီး ဝယ်ပေးခဲ့တယ်။ လမ်းမတန်းက ဆူလို့ အတွင်းပိုင်းမှာ မြေတကွက် ဝယ်ပေးခဲ့တယ်။ အဲဒါက မနေဖြစ်လို့ အမြတ်နဲ့ ပြန်ရောင်းလိုက်တယ်။ ပြီးခဲ့တဲ့ နှစ်မှာ ကားက မစီးရဘဲ ပြင်ဆင်စရိတ် တက်နေလို့ ပြန်ရောင်းပြီး ရတဲ့ ငွေကို အမေပဲ သုံး ဆိုပြီး ပုံပေး ထားလိုက်တယ်။ အဲဒါတွေ အပြင် အိမ်မှာ လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေ ဝယ်ပေးတာ၊ ဆေးဝါးဝယ်ပေးတာ၊ အပတ်စဥ် အစားအသောက်တွေ ဝယ်ပေးတာ မှန်မှန် လုပ်ပေး နေခဲ့တယ်။ အဲဒါတွေ အတွက် ဘာလုပ်လုပ် သားဝယ်ပေးတာလို့ပဲ မှတ်ယူနေတော့ တာပါပဲ။ အဲဒါတွေဟာ ကျောက်မဲ ဆရာတော် သစ္စာ ပြုခိုင်းခဲ့တာ နဲ့ ထပ်တူကျနေတာ သွားတွေ့ရတယ်။ အဲဒါကတော့ တပည့်တော်၏ မိဘ နှစ်ပါးသည် တပည့်တော်အား ကျွေးမွေး ပြုစု စောင့်ရှောက် လူလား မြောက်စေ ခဲ့ပါ၏။ တပည့်တော် သည်လည်း တပည့်တော်၏ မိဘနှစ်ပါးအား ပြုစု စောင့်ရှောက် ထောက်ပံ့ ခဲ့ပါ၏။ ဤမှန်သော သစ္စာ စကားကြောင့် တပည့်တော် ကြံစည် ကြိုးစား လုပ်ဆောင်သမျှ အရာအားလုံး အောင်မြင် ရပါလို၏။ လို့ ဖြစ်ပါတယ်။ အောင်မြင်ဖို့အတွက် သစ္စာ ဆိုကြတယ်။ အဲဒီလို သစ္စာ ဆိုနိုင်ဖို့ အတွက် မှန်ကန်တဲ့ လုပ်ရပ်တွေ လုပ်ခဲ့ရမယ်။ မှန်ကန်တဲ့ လုပ်ရပ်ကြောင့် အောင်မြင်မှု ဆိုတဲ့ အကျိုးကို ရကြမှာပါပဲ။ မိဘတွေကို ပြုစု စောင့်ရှောက် ထောက်ပံ့ ကြခြင်းဖြင့် အောင်မြင်သော သားသမီးများ ဖြစ်ကြပါစေ။