အားကောင်းသောမုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် ရခိုင်နဲ့ ချင်းပြည်နယ် မိုးကြီးမယ်

အားကောင်းသောမုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် ယ‌နေ့ နံနက်ပိုင်းမှ အောက်တိုဘာ ၂၅ ရက်နေ့အတွင်း ရခိုင်နဲ့ ချင်းပြည်နယ် တစ်ခုလုံး မိုးကြီးပြီး မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းမှ မိုးသက်လေပြင်းကြမယ်လို့ မိုး/ဇက သတိပေးချက်ထုတ်ပြန်လိုက်ပါ တယ်။

ယနေ့ အောက်တိုဘာ ၂၃ ရက်နေ့နံနက်ပိုင်း သတင်းထုတ်ပြန်ချက်အရ အားကောင်း သောမုန်တိုင်းငယ် သည် မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyigyun)၏ အနောက်ဘက် ရေမိုင် (၄၅၀)မိုင်ခန့်၊ သံတွဲမြို့(Thandwe)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၄၆၅)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ အနောက်တောင်ဘက် ရေမိုင် (၄၂၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်မြို့(Paradip)၏ တောင်ဘက် ရေမိုင် (၂၃၀)မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တောင်- အနောက်တောင်ဘက် ရေမိုင် (၃၁၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara)၏ တောင်- အနောက်တောင်ဘက် ရေမိုင် (၃၉၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပြီး လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်တယ်လို့ဆိုပါတယ်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် မြောက်-အရှေ့ မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် (၂၄)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကာ၊ အောက်တိုဘာ ၂၅ ရက်နေ့ ညနေပိုင်း တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ခီပူပါရာမြို့(Khepupara)နှင့် စစ်တ ကောင်း မြို့(Chittagong)တို့ကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရတယ်လို့ ဆိုပါတယ်။

အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏အရှိန်ကြောင့် ယနေ့နံနက်မှ အောက်တိုဘာ ၂၅ ရက်နေ့အတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့ အပြားနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါတယ်လို့ဆိုပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်း အသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်လို့လည်း ဆိုပါတယ်။

အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏အရှိန်ကြောင့် လေပြင်း တိုက် ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါ သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်း ကောင်း၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြဖို့လည်းတိုက်တွန်းထားပါတယ်။